News

POST TYPE

LATEST NEWS POST

ပါဆယ်ဗုံးထောင်ခဲ့သူကို ဖမ်းမိရေးအတွက် ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးကြရန် ပြင်သစ်ရဲတပ်ဖွဲ့ အကူအညီတောင်း
25-May-2019

လိုင်ယွန်၊ မေ ၂၅

ပြင်သစ်ရဲတပ်ဖွဲ့သည် လိုင်ယွန်မြို့တွင်ဖြစ်ပွားခဲ့သော လူ ၁၃ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပါဆယ်ဗုံး ပေါက်ကွဲမှုအတွက် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိနိုင်စေရန် ပြည်သူလူထုဘက်ကလည်း တတ်နိုင်စွမ်းသရွေ့ ပူးပေါင်းပါဝင်ပေးစေလိုသည်ဟု အကူအညီတောင်းခံလိုက်ကြောင်း BBC က ဖော်ပြထားသည်။

လိုင်ယွန်မြို့သည် ပြင်သစ်နိုင်ငံ၏ တတိယမြောက် အကြီးဆုံးမြို့ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားမှာ ယင်းပါဆယ်ဗုံးကို မုန့်တိုက်တစ်ခု၏အပြင်ဘက်တွင် ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ထားပြီလည်းဖြစ်သည်။

အကြမ်းဖက် တိုက်ဖျက်ရေးနှိမ်နင်းမှု အထူးရဲအရာရှိများသည် လက်ရှိတွင် တရားခံဖမ်းဆီးရမိနိုင်ရေးကို အပူတပြင်း ဆောင်ရွက်နေပြီဖြစ်ကာ လိုင်ယွန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာအားလုံးကို လုံခြုံရေးများ တိုးမြှင့်ချထားရန်လည်း ပြင်သစ်ရဲတပ်ဖွဲ့က ဆောင်ရွက်နေပြီဖြစ်သည်။

ပြင်သစ်ရဲတပ်ဖွဲ့သည် လုံခြုံရေးကင်မရာများကတစ်ဆင့် ဖမ်းယူရရှိသော သံသယဖြစ်ဖွယ်ရာ တရားခံ၏ရုပ်ပုံကြမ်းကို အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်ပေးထားပြီဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၃ ဦးအနက်တွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ကြောင်း၊ အများစုမှာ အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခြင်းမျိုးဖြစ်၍ စိုးရိမ်ရဖွယ် မရှိပါကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အသိပေးထားသည်။

E-11