News

POST TYPE

LATEST NEWS POST

ရွှေမြိုင်သီရိဈေး အသစ်ပြန်ဆောက်မည်ကို ဈေးသူဈေးသားများ ကန့်ကွက်
23-May-2019


ဓာတ်ပုံ - ပြည်နယ်အစိုးရအဖွဲ့

မော်လမြိုင်၊ မေ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးတည်ဆောက်ရန် ပြည်နယ် အစိုးရက ခွင့်ပြုထားသည့် ဈေးများအနက် ရွှေမြိုင်သီရိဈေးအသစ်တည် ဆောက်မည်ကို ကန့်ကွက်ကြောင်း အဆိုပါ ဈေးသူဈေးသားများက ပြောကြားသည်။ 

“ဈေးအသစ်ဆောက်မယ်ဆိုတဲ့ ကိစ္စကို ဈေးသူဈေးသားတွေရဲ့ သဘောဆန္ဒကိုလည်း မမေးဘူး။ ကြိုတင်အသိပေးခြင်းလည်း မရှိဘူး။ လုပ်ငန်းတွေကလည်း နောက်မှာ လုပ်နေတယ်။ ဈေးသူ ဈေးသားတွေ အတော် စိုးရိမ်ပူပန်မှုဖြစ်ခဲ့တယ်။ ကျွန်မတို့အားလုံးဆန္ဒကတော့ ဈေးသစ်ကို မလိုချင်ပါဘူး။ အကောင်းအတိုင်းရှိနေတဲ့ ဈေးဟောင်းမှာပဲ ကျွန်မတို့ ဆက်ပြီး ရောင်းချင်ပါတယ်”ဟု ရွှေမြိုင်သီရိဈေးတွင် ဈေးရောင်းချနေသည့် ဒေါ်အေးအေးစိုးက ပြောဆိုသည်။

ရွှေမြိုင်သီရိဈေးအသစ်တည်ဆောက်မှုနှင့် ပတ်သက်၍ ရွှေမြိုင်သီရိ ဈေးသူဈေးသားများက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို မေလ ၂၂ ရက်နေ့က မော်လမြိုင်မြို့ရှိ မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါဈေးကို ယခင်လေလံစနစ်နှင့် ဝယ်ယူစဉ်တွင် စည်ပင်သာယာရေးအဖွဲ့က ဈေးကိုမြေကြီးကြမ်းခင်း၊ အမိုးသာ တည်ဆောက်ပေးထားပြီး မိမိတို့ ဈေးသူဈေးသားများက ကွန်ကရစ်ခင်းခြင်း၊ ဈေးအကာအရံများ၊ တံခါးများ၊ ဈေးခုံများ တည်ဆောက်ခြင်း၊ ဈေးတွင် အသုံးပြုနိုင်ရန် ရေပိုက်သွယ်တန်းခြင်း၊ မီတာတပ်ဆင်ခြင်းနှင့် ဈေးလုံခြုံရေးအတွက် ဈေးဝင်တံခါးပြုပြင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း၊ ယခုလက်ရှိဈေးမှာလည်း တောင့်တင်းခိုင်မာလျက်ရှိသဖြင့် ဈေးသစ်ဆောက်ရန်မလိုအပ်ကြောင်း ဈေးသူဈေးသားများက ပြောကြားသည်။ 

“ဒီဈေးက ဆင်းရဲသားရပ်ကွက် ဈေးပါ။ နေ့စား လစား ကျပန်းအလုပ်သမားတွေ အများစုဝယ်ယူကြတယ်။ ဈေးကို လက်ငင်း ရောင်းချတာထက် နေ့သွင်း ရောင်းချတာများတယ်။ ဈေးဖျက်ရင် ပေးထားတဲ့ အကြွေးတွေ ပြန်မရတော့ဘူး။ ဈေးကြီးက ခေါက်ပြန်ယူထားတာတွေကို အန်တီတို့ ပြန်မပေးနိုင်တော့ဘူး။ အဲဒီအတွက် မှီခိုနေတဲ့ မိသားစုတွေအတွက် အခက်အခဲအများကြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီဈေးကို မဖျက်ချင်ပါဘူး”ဟု ဈေးသည်တစ်ဦးဖြစ်သည့် ဒေါ်မိမိထွန်းက ပြောဆိုသည်။

ယင်းဈေးအသစ် တည်ဆောက်ခြင်းကို ကန့်ကွက်ရန်အတွက် ဈေးသူဈေးသားများက စည်ပင်ဝန်ကြီးနှင့် တွေ့ဆုံခဲ့ရာတွင် ကန့်ကွက်လိုပါက ကန့်ကွက်စာကို အမြန်တင်ပြရန် ဝန်ကြီးက ပြောဆိုသည့်အတွက် ဈေးသူဈေးသားများက လက်မှတ်ကောက်ယူရာ ဈေးခန်းရှင် ၁၆၉ ခန်းအနက် ကန့်ကွက်သူ ၁၂၉ ဦးရှိကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်ကို လိပ်မူ၍ ကန့်ကွက်စာပေးပို့ခဲ့ပြီး ယင်းမှတစ်ဆင့် လွှတ်တော်ကိုလည်း တင်ပြထားကြောင်း ဒေါ်အေးအေးစိုးက ရှင်းပြသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအပြီးတွင် ဈေးသူဈေးသားများနှင့် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့တွေဆုံခဲ့ရာ ၎င်းက အစိုးရအနေနှင့် စေတနာနှင့်သာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဈေးသူဈေးသားများ၏ ဈေးအသစ်မလိုအပ်ကြောင်း တင်ပြချက်များကိုလည်း အစိုးရထံသို့ အသိပေးတိုက်တွန်းစာ ပေးပို့ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မော်လမြိုင်မြို့ပေါ်တွင် ရပ်ကွက်ဈေးလေးခုကို အသစ်တည်ဆောက်ရန် စီစဉ်ထားပြီး အသစ်တည်ဆောက်မည့် ဈေးများမှာ မြိုင်သာယာဈေး၊ ရွှေမြိုင်သီရိဈေး၊ သီရိမြိုင်ဈေးနှင့် ဒိုင်းဝန်းကွင်း ပျံကျဈေးတို့ဖြစ်သည်။

R-21