News

POST TYPE

LATEST NEWS POST

ကျောက်မီးသွေးတွင်းပေါက်ကွဲ၍ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရ
20-May-2019
ကလေး၊ မေ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ သစ်ချာက်ကျေးရွာအုပ်စုနယ်နိမိတ်အတွင်းရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ အတွင်းပိုင်း ပေ ၅ဝဝ အကွာတွင် ယမ်းဖောက်ခွဲရာမှ မီသိန်းဓာတ်ငွေ့နှင့် ထိတွေ့၍ ထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

မေလ ၁၉ ရက် ညနေ ၅ နာရီခန့်က ကျောက်မီးသွေးတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းဖောက်ခွဲရာမှ ထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ကျင်းအနက် ပေ ၂၀၀ တွင် ကျောက်မီးသွေးတူးဖော်ရန် အလုပ်လုပ်ကိုင်နေသည့် ဦးစိုးအောင် ၃၈ နှစ်၊ ဦးမျိုးသန့်ထွန်း ၂၃ နှစ်၊ ဦးမျိုးခန့် ၃၅ နှစ်၊ ကိုပြည့်ဖြိုးအောင် ၁၈ နှစ်၊ ဦးမောင်ကျော် ၂၆ နှစ်နှင့် တရုတ်နိုင်ငံသားတို့မှာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် တရုတ်နိုင်ငံသားတစ်ဦးနှင့် ဦးမောင်ကျော်တို့မှာ စိုးရိမ်ရသဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်လေးဦးမှာ ကလေးဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။

R-20




  • VIA