News

POST TYPE

LATEST NEWS POST

စစ်ပွဲကို ရှောင်လွှဲရန် ကြိုးစားမည်ဖြစ်သော်လည်း အီရန်၏လုပ်ရပ်ကို ဆော်ဒီစောင့်ကြည့်
20-May-2019


ရီယာ့ဒ်၊ မေ ၁၉

ယခင်သီတင်းပတ်က ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံခဲ့ရပြီးနောက်တွင် ဆော်ဒီနိုင်ငံသည် စစ်ပွဲကို ရှောင်လွှဲလိုသော်လည်း အီရန်ကို စောင့်ကြည့်နေပြီး အင်အားကုန်သုံး လက်တုံ့ပြန်သွားရန် အဆင်သင့်ရှိနေသည်ဟု အကြီးတန်းတာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယီမင်ဟူသီသူပုန်များက ၎င်းတို့၏လက်ချက်ဟု ကြေညာထားသော ဆော်ဒီ ရေနံချက်စက်ရုံနှစ်ခုအား အင်္ဂါနေ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုတွင် အီရန်က စေခိုင်းခြင်းဖြစ်သည်ဟု ဆော်ဒီဘက်က စွပ်စွဲထားသည်။ ယင်းဖြစ်ရပ်သည် ပင်လယ်ကွေ့တွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့သည်။

အီရန်ကမူ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုလျက်ရှိသည်။

ဆော်ဒီ နိုင်ငံခြားရေးရာဝန်ကြီး အယ်လ်ဂျူဘာက “ဆော်ဒီဘုရင့်နိုင်ငံဟာ စစ်ပွဲကို အလိုမရှိပါဘူး။ ဒါပေမဲ့ တစ်ဖက် က စစ်ပွဲကို ရွေးချယ်လာခဲ့ရင်တော့ အင်အားအကုန်သုံးပြီး တုံ့ပြန်သွားဖို့ အဆင်သင့်ရှိနေပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများ၏ သက်ရောက်မှုများကို ဆွေးနွေးရန်အတွက် ဆော်ဒီဘုရင် ဆော်လ်မွန်ကလည်း ပင်လယ်ကွေ့ အာရပ်ခေါင်းဆောင်များကို မက္ကာသို့ မေ ၃၀ ရက်က ဖိတ်ကြားကာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။

လက်ရှိ စိုးရိမ်စရာဖြစ်ရပ်တွေဟာ အာရပ်နိုင်ငံတွေကို အမြဲတမ်းဒုက္ခပေးနေတဲ့ စိန်ခေါ်မှုတွေကို ဆန့်ကျင်ဖို့အတွက် ညီညွတ်သွားစေပါတယ်”ဟု ယူအေအီး နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်သည်။

ယူအေအီးနိုင်ငံက ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုအတွက် မည်သူ့ကိုမှ အပြစ်မတင်သေးဘဲ စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့ရာတွင် အမေရိကန်အစိုးရ သတင်းရင်းမြစ်နှစ်ဦးကမူ ဟူသီသူပုန်များ သို့မဟုတ် အီရတ်အခြေစိုက် စစ်သွေးကြွများကို အီရန်က အားပေးအားမြှောက်ပြုခဲ့သည်ဟု ယုံကြည်ရကြောင်း ယခင်အပတ်က ပြောကြားထားသည်။

ယီမင်အခြေစိုက် ဟူသီသူပုန်များက ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်ရပ်နှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသော်လည်း ဆော်ဒီနိုင်ငံအတွင်းရှိ ရေနံချက် စက်ရုံများကို ၎င်းတို့တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ကြေညာထားသည်။

F-04



  • VIA