News

POST TYPE

LATEST NEWS POST

ဆန်ကွဲ တရားဝင်တင်ပို့နိုင်ရေး တရုတ်နှင့် လက်မှတ်ထိုးရန် စီစဉ်
20-May-2019



ရန်ကုန်၊ မေ ၁၉

တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိသည့် ဆန်၊ ပြောင်း၊ သကြားအပြင် ဆန်ကွဲကိုပါ တရားဝင် တင်ပို့ရောင်းချနိုင် ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဆန်ကွဲကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် (ကိုတာ) ပမာဏကန့်သတ်ချက် မရှိသောကြောင့် လွတ်လပ်စွာ တင်ပို့နိုင်သော်လည်း သတ်မှတ်ထားသည့် အရည်အသွေးဆိုင်ရာ စစ်ဆေးချက်များနှင့်အတူ မှတ်ပုံတင်ထားမှသာ တင်ပို့မှုကို တရားဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် ဆန်တင်ပို့မှုအတွက် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်တွင် ဆန်ကွဲကို ထပ်မံဖြည့်စွက်၍ လက်မှတ်ပြန်လည်ရေးထိုးနိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ဆန်ကွဲတရားဝင်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မတ်လအတွင်းက Pest Risk Analysis- PRA ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံကို လျှောက်ထားခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ဆန်ကိုတော့ တရားဝင်ပို့ဖို့ လက်မှတ်ထိုးထားတယ်။ ကုန်သည်တွေကလည်း တရုတ်ကို ဆန်ကွဲပို့ချင်တယ်လို့ တောင်းဆိုတဲ့အတွက် တရားဝင်လက်မှတ်ထိုးဖို့ လုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့ တရားဝင်လက်မှတ် ရေးထိုးမည်ဖြစ်ပြီး အမြန်ဆုံးရေးထိုးနိုင်ရန်အတွက်လည်း စီးပွား/ကူးသန်း ဝန်ကြီးဌာနနှင့် စိုက်/မွေးဆည် ဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးပါက ဆန်ကွဲကို တရားဝင်စတင်ပို့နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆန်ကွဲတင်ပို့မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့ သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံကို အများဆုံး တင်ပို့နိုင်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံဘက်၌ လုံခြုံရေးတင်းကျပ်ကာ အဖမ်းအဆီးများ ပြုလုပ်နေသောကြောင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

J-11