News

POST TYPE

LATEST NEWS POST

အဂတိလိုက်စားမှု အရှုပ်အထွေးအပြီး ကြားဖြတ်ရွေးချယ်ပွဲ ပြုလုပ်ရန် ဩစတြီးယား အဓိပတိ တိုက်တွန်း
20-May-2019


ဗီယင်နာ၊ မေ ၁၉

ဩစတြီးယား အဓိပတိ ဆီဘက်ရှန် ကားရ်က ၎င်း၏ ဒုတိယအဓိပတိ ဟိန့်ဇ် ခရစ်ရှန်စတရာချီ အဂတိလိုက်စားမှု အရှုပ်အထွေးကြောင့် နုတ်ထွက်သွားပြီးနောက် ကြားဖြတ်ရွေးချယ်ပွဲ ပြုလုပ်ရန် တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကားရ်၏ အလယ်လမ်းစဉ် ပြည်သူ့ပါတီသည် စထရာချီ၏ လက်ယာစွန်း ဖရီးဒမ်းပါတီနှင့် လက်တွဲကာ အစိုးရဖွဲ့စည်းထားခြင်းဖြစ်သည်။

စထရာချီသည် ရှရှားရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် အစိုးရကန်ထရိုက်ကိစ္စ ဆွေးနွေးနေသည့် လျှို့ဝှက်ဗီဒီယိုဖိုင် ပေါက်ကြားသွားခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်တွင် စထရာချီသည် ရုရှားအစိုးရအဖွဲ့ဝင်တစ်ဦး၏ တူမဆိုသူ ရုရှားအမျိုးသမီးတစ်ဦးနှင့် စကားလက်ဆုံကျနေပြီး သူမက ဩစတြီးယား ခရိုနင်ဇိုက်တန်သတင်းစာ၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဝယ်ယူလိုကြောင်းနှင့် ဖရီးဒမ်းပါတီကို ထောက်ခံရန် အယ်ဒီတာ့ အာဘော်ကို ပြောင်းလဲမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ စထရာချီက ၎င်းအနေနှင့် သူမအား အစိုးရကန်ထရိုက်များ ချပေးနိုင်ကြောင်းနှင့် ဟန်ဂေရီမှ ဗစ်တာအာဘန်ကဲ့သို့ မီဒီယာအခင်းအကျင်းကို တည်ဆောက်လိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

စထရာချီက ၎င်းသည် ယမကာ တန်ခိုးဖြင့် ဆယ်ကျော်သက်တစ်ဦးသဖွယ် မိုက်မဲစွာ ပြုမူမိခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့ပြီး အစိုးရအဖွဲ့ မထိခိုက်စေရန် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်။

အဓိပတိ ဆီဘက်ရှန်ကားရ်က “ကြားဖြတ်ရွေးချယ်ပွဲကို တတ်နိုင်သမျှ အစောဆုံးကျင်းပဖို့ သမ္မတကို တောင်းဆိုပါတယ်။ မနေ့က ဗီဒီယိုဖိုင်ကို ကြည့်ပြီးတဲ့နောက် ကျွန်တော် လုံးဝ ရိုးဖြောင့်စွာ နေထိုင်ရမယ်လို့ သတိပြုမိပါတယ်။ လုံလောက်ပါပြီဆိုတာမရှိပါဘူး”ဟု ပြောကြားသည်။

ဩစတြီးယား သမ္မတ အလက်ဇန်းဒါး ဘော်လန်က မစ္စတာစထရာချီ နုတ်ထွက်သွားပြီးနောက် ကြားဖြတ်ရွေးချယ်ပွဲကို မဖြစ်မနေကျင်းပရန် လိုအပ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ရမည့် အဆင့်များကို မစ္စတာကားရ်နှင့် တနင်္ဂနွေနေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆီဘက်ရှန်ကားရ်၏ ရုံးအပြင်ဘက်တွင် နဖူးစည်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စုဝေးခဲ့ကြသော အရေအတွက် ထောင်ချီသည့် လူအုပ်ကြီးကလည်း “ကြားဖြတ်ရွေးချယ်ပွဲ ချက်ချင်း ကျင်းပပေး”ဟု ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

အတိုက်အခံ ဆိုရှယ်ဒီမိုကရက်ပါတီမှ သောမတ်စ်ဒရိုဇဒါက “ဒီဖြစ်ရပ်က အဖျားအနားလောက်ပဲ ရှိသေးတယ်။ ကျွန်တော်ကတော့ အဓိပတိကားရ်အနေနဲ့ သူ့ရဲ့ မဟာမိတ်လက်ထောက်က အဂတိနွံမှာ နစ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့အနေအထားကို ရှင်းလင်းပြောကြားဖို့ မျှော်လင့်ပါတယ်”ဟု မှတ်ချက်ပေးသည်။

ဆီဘက်ရှန်ကားရ်ကမူ ၎င်းအနေနှင့် ပါတီအရေးနှင့်ပတ်သက်ပြီး အခက်အခဲကြုံရသည်မှာ ယခုပထမဆုံးအကြိမ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ ကိုယ့်အကြောင်းကို လူသိရှင်ကြား ထုတ်မပြောခဲ့ဘူးဆိုပေမယ့်လည်း မထွေးနိုင်၊ မမျိုနိုင် ခက်ခဲတဲ့ အခြေအနေတွေ အများကြီး ကြုံခဲ့ရပါတယ်”ဟု ပြောကြားသည်။ 

ဥရောပရှိ လူပြိန်းကြိုက် အမျိုးသားရေးဝါဒီ လက်ယာစွန်းပါတီများအနက် ရွေးကောက်ပွဲ၌ ၂၀ ရာခိုင်နှုန်း အနိုင်ရကာ လွှတ်တော်တွင် အခြေအနေအကောင်းဆုံး ဖြစ်နေသော ဩစတြီးယား ဖရီးဒမ်းပါတီ၏ ရှေ့ရေးကို ဥရောပရှိ အခြားလက်ယာစွန်း ပါတီများက အနီးကပ်စောင့်ကြည့်နေကြသည်။  

F-04


  • VIA