News

POST TYPE

LATEST NEWS POST

အမေရိကန်က ဂိုဏ်းစတားပုံစံ သိမ်းယူသွားသော သင်္ဘောကိစ္စကို ဖြေရှင်းပေးရန် ကုလအကြီးအကဲကို မြောက်ကိုရီးယားတောင်းဆို
19-May-2019


ဆိုးလ်၊ မေ ၁၈

မြောက်ကိုရီးယား ကုန်သင်္ဘောတစ်စင်းကို အမေရိကန်ပြည်ထောင်စုက ဥပဒေမဲ့ သိမ်းယူသွားမှုကို ဖြေရှင်းပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို မြောက်ကိုရီးယားက တောင်းဆိုသည်ဟု နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် ကြေညာလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာဥပဒေများကို လုံးဝဂရုမစိုက်သော ဂိုဏ်းစတားနိုင်ငံဖြစ်ကြောင်းကို အဆိုပါဥပဒေမဲ့ သိမ်းယူမှုက ညွှန်ပြနေသည်”ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးက အတွင်းရေးမှူး ဂူတာရက်စ်ထံ သောကြာနေ့ရက်စွဲဖြင့် ပေးစာတွင် ဖော်ပြထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီလက ဟနွိုင်းတွင် ပြုလုပ်ခဲ့သော ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့အကြား ထိပ်သီးဆွေးနွေးပွဲတွင် နျူကလီးယားဖျက်သိမ်းရေး တစ်စုံတစ်ရာ ရလဒ်မထွက်ပေါ်ဘဲ အဆုံးသတ်ခဲ့ပြီးနောက် တင်းမာမှုများ ပြန်လည်မြင့်တက်လာစဉ် သင်္ဘောသိမ်းဆည်းခံရမှုအပေါ် ပြုံယမ်း၏ ကန့်ကွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါပေးစာတွင် သင်္ဘောကိစ္စကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် ဂူတာရက်စ်အား တောင်းဆိုထားပြီး အမေရိကန်သည် မြောက်ကိုရီးယား၏ အချုပ်အခြာကို ကျူးကျော်ရန်စသည့်အပြင် ကုလသမဂ္ဂ ဥပဒေစည်းမျဉ်းများကို ချိုးဖောက်သည်ဟု တိုင်ကြားထားသည်။

မြောက်ကိုရီးယားသည် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီးနောက် လက်နက်စမ်းသပ်မှုအချို့ကို ပြန်လည်ပြုလုပ်ခဲ့သည်။ ၎င်းစမ်းသပ်မှုများသည် ဟနွိုင်းဆွေးနွေးပွဲတွင် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် ကင်ဂျုံအန်း၏ တောင်းဆိုမှုကို ထရမ့်က ပယ်ချခဲ့ပြီးနောက် ကင်က ဆန္ဒပြခြင်းဖြစ်သည်ဟု ယူဆရသည်။

ကုန်သင်္ဘော သိမ်းယူမှုသည် ထိပ်သီးဆွေးနွေးပွဲ၏ အနှစ်သာရကို ချိုးဖောက်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပြီး နှောင့်နှေးခြင်းမရှိဘဲ ပြန်ပေးရန် တောင်းဆိုထားသည်။

အမေရိကန်တရားရေးဌာနက Wise Honest ဟု အမည်ပေးထားသော မြောက်ကိုရီးယားကုန်သင်္ဘောကို သိမ်းဆည်းထားပြီး အမေရိကန်ပိုင် ဆာမိုးဝါးကျွန်းတွင် ထိန်းသိမ်းထားကြောင်း ပြောကြားသည်။ သင်္ဘောသည် တားမြစ်ထားသော ကျောက်မီးသွေးများကို တရားမဝင် တင်ဆောင်လာခဲ့ပြီး အရေးယူပိတ်ဆို့မှု စည်းကမ်းများကို ချိုးဖောက်သောကြောင့် ၂၀၁၈ ဧပြီလတွင် အင်ဒိုနီးရှားတွင် ဖမ်းဆီးထိန်းသိမ်း ခံရခြင်းဖြစ်သည်။  

F-04



  • VIA