News

POST TYPE

LATEST NEWS POST

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စပါးဈေးကွက်အပေါ် ကြီးမားသည့်သက်ရောက်မှုရှိဟုဆို
19-May-2019
ရန်ကုန်၊ မေ ၁၈

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေနှင့် စက်ပုံမှန်မလည်ပတ်နိုင်သည့် အခြေအနေသည် လက်ရှိဆန်စပါးဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိနွေစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနှင့် ကွင်းဆင်းဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိသော်လည်း သိုလှောင်ရုံအခက်အခဲ၊ အစိုဓာတ်ရှိသည့်စပါးများကို အခြောက်ခံရန်အခက်အခဲ၊ သယ်ပို့ယာဉ် အခက်အခဲများကြောင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းနေကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနှင့် နွေစပါးဈေးကွက်အခြေအနေအရ ပဲခူးတိုင်းဒေသကြီးဘက်တွင် အစိုရိတ်ကျ (ပေါင် ၅၀) သုခစပါးနှင့် အသွယ်စပါးများကို ဒေသခံတောင်သူများ၊ ဒေသစက်ပိုင်များနှင့်ညှိနှိုင်း၍ လိုက်လံဝယ် ယူပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ဝယ်ယူသည့် စပါးများမှာလည်း အရည်အသွေးမျိုးစုံ၊ အခြေအနေမျိုးစုံ၊ အမျိုးအစားမျိုးစုံဖြစ်၍ ဝယ်ယူသည့် စပါးများလေလွင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ် စေရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ရပြီး လျှပ်စစ် မီးပြတ်တောက်မှုသည်လည်း ဈေးကွက်အပေါ် ကြီးမားသည့် သက်ရောက်မှုရှိနေကြောင်း ယင်းအသင်းချုပ်က မေလ ၁၈ ရက်နေ့က နွေစပါးပေါ်ချိန်ဈေးနှုန်း ကျဆင်းနေမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်အရ သိရသည်။

“လျှပ်စစ်မီးပြဿနာဖြစ်နေတော့ ထွက်လာတဲ့ နွေစပါးတွေအကုန်လုံးကို အခြောက်မခံနိုင်ဘူး။ အရင်ကတည်းက အခြောက်ခံစက်က နည်းရတဲ့ကြားထဲနိုင် အောင်အခြောက်မခံနိုင်တော့ စပါးဈေးကိုချဝယ်၊ ချဝယ်ရင်းနဲ့ စပါးဈေးကကျသွားတာ”ဟု မြန်မာနိုင်ငံ ဆန်စက်လုပ် ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားသည်။

ဆန်စက်များအနေနှင့် ထွက်ရှိလာသည့် နွေစပါးများကို လျှပ်စစ်မီးပုံမှန်မရရှိခြင်းနှင့် အခြောက်ခံစက်နည်းသည့် အခက်အခဲများကြောင့် လုံလောက်စွာ အခြောက်မခံနိုင်သောကြောင့် အစိုဓာတ်များကာ စပါးဝယ်လက်များက ဈေးနှိမ်ဝယ်ယူကြခြင်းဖြစ်ပြီး နွေစပါးတင်း ၁၀၀ လျှင် ကျပ် ၄၄၀,ဝ၀၀ မှ ကျပ် ၄၆၀,ဝ၀၀ အထိ ပေါက်ဈေးရှိကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့ပြင် နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှု ကျဆင်းခြင်းတို့ကြောင့် ယခုအခြေအနေသည် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်လို့မရကြောင်း အစိုးရအနေနှင့် ပါဝင်ကူညီဆောင်ရွက်ပေးရန် ၂၀၁၉ ခုနှစ် မတ်လက အကြံပြုတင်ပြထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

လက်ရှိ ဆန်စပါးဈေးကွက်အခြေ အနေတည်ငြိမ်စေရန်နှင့် စပါးစိုက်တောင်သူများ မျှော်လင့်သည့်ဈေးရရှိစေရန်အတွက် အစိုးရက ပူးပေါင်းဆောင် ရွက်ပေးရန် လိုအပ်လျက်ရှိပြီး ယင်းသို့ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနှင့် တိုက်တွန်း ပြောကြားလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11