News

POST TYPE

LATEST NEWS POST

အမှုထမ်းသက်ကျော်ထမ်းပြီး ရယူထားသည်ဟုဆိုသည့် လစာငွေများကို ဆရာမ ဒေါ်မာမာမြင့် ပြန်သွင်း
16-May-2019



မန္တလေး၊ မေ ၁၆

သတ်မှတ်အမှုထမ်းသက်ထက် ကျော်လွန်၍ အလယ်တန်းပြ ဆရာမတာဝန် ထမ်းဆောင်ခဲ့သည်ဟုဆိုကာ ပြန်လည်ပေးသွင်းခိုင်းထားသည့် ကျော်လွန်ကာလများအတွက် လစာပိုထုတ်ငွေ ကျပ် ၇၈ သိန်းကျော်ကို ဆရာမ ဒေါ်မာမာမြင့်သည် မေလ ၁၆ ရက်နေ့က မြန်မာ့စီးပွားရေးဘဏ်ခွဲ ၂ သို့ ပြန်လည်ပေးသွင်းခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ယင်းငွေကို မြို့နယ်ပညာရေးမှူး ကိုယ်တိုင်လိုက်ပါ ကူညီဆောင်ရွက်ပေးမှုဖြင့် သွားရောက်ပေးသွင်းခဲ့ပြီး ဒေါ်မာမာမြင့်သည် မြန်မာ့စီးပွားရေးဘဏ် (၂) သို့ ကျပ် ၆၈ သိန်းကျော်ပေးသွင်း၍ မြိုနယ်ပညာရေးမှူးရုံးသို့ ကျပ် ၁၀ သိန်းကို ပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းမှူးချီးမြင့်ခဲ့တဲ့ပိုက်ဆံကို တာဝန်ကျေကျေ ငွေလာသွင်းခဲ့တယ်။ ဒါပြီးမှ ကိုယ့်ခံစားခွင့်တွေ ပြန်ကျမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်မာမာမြင့်သည် အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ် (က) တွင် ၎င်း၏ မွေးသက္ကရာဇ်မှာ ၁၉၅၅ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့ဖြစ်၍ ၂၀၁၅ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့တွင် သက်ပြည့်ပင်စင်ခံစားရမည်ဖြစ်သော်လည်း အမှုထမ်းစာအုပ်တွင်မူ၎င်း၏ မွေးသက္ကရာဇ်သည် ၁၉၅၉ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့ဖြစ်သည့်အတွက် လက်ရှိကာလအထိ တာဝန်ထမ်းဆောင်နေခြင်းကြောင့် အမှုထမ်းသက်လွန်ကာလမှာ ၃ နှစ်နှင့် ၇ လ လစာပိုထုတ်ထားငွေ ကျပ် ၇,၈၁၄,၆၁၃ ဒသမ ၂၃ ကျပ် (ကျပ် ၇၈ သိန်းကျော်) ကို ပြန်လည်ပေးသွင်းရန် အကြောင်းကြားထားကြောင်း ယင်းကျောင်းအုပ်ကြီး၏ မတ်လ ၅ ရက်နေ့က ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ထိုငွေများကို တပ်မတော်ကြည်း၊ ရေ၊ လေမိသားစုဝင်များကိုယ်စား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းက မတ်လ ၁၃ ရက်နေ့က လာရောက်ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်တစ်ဦးက လှူဒါန်းထားသည့် ကူညီငွေကိုလည်း ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဒေါ်မာမာမြင့်က ပြောကြားသည်။ 

ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အတွင်းပါဝင်သည့် ၃ နှစ်နှင့် ၁၈ ရက်ကိုသာ ဘဏ်မှတဆင့် ပညာရေးဌာနသို့ ပေးသွင်းခဲ့ပြီး ဘဏ္ဍာနှစ်လွန်ကာလအတွက် ကျပ် ၁၀ သိန်းကို မြို့နယ် ပညာရေးမှူးရုံးတွင် ထိန်းသိမ်းထား၍ နိုင်ငံတော်က လစာငွေများထုတ်ယူရာတွင် ယင်းငွေများအတွက် လျှော့ထုတ်ရမည်ဖြစ်ကြောင်း ချမ်းအေးသာဇံမြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ဆရာမဒေါ်မာမာမြင့်သည် ၁၉၈၂ ခုနှစ်တွင် ပညာရေးလောကသို့ ဝင်ရောက်ကာ မန္တလေးတိုင်း မြစ်သားမြို့နယ် ရန်အေးကျေးရွာ အခြေခံမူလတန်းကျောင်း၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

M-08