News

POST TYPE

LATEST NEWS POST

မိုးကြိုးစက်ကွင်းကြောင့် ကျိုက်ထီးရိုးစေတီ ရွှေသင်္ကန်းများကွာကျ
16-May-2019

မော်လမြိုင်၊ မတ် ၁၆

ကျိုက်ထိုမြို့နယ်အတွင်း မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က မိုးသည်ထန်းစွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်သောကြောင့် ကျိုက်ထီးရိုးစေတီကျောက်လုံးတွင် ကပ်လှူထားသော ရွှေသင်္ကန်များကွာကျခဲ့ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရသည်။

“ကျိုက်ထီးရိုးစေတီကို မိုးကြိုး တိုက်ရိုက်ထိတာမဟုတ်ဘူး မိုးကြိုးစက်ကွင်းမိတာ၊ တစ်ဖက်က စမတောင် လျှိုထဲကို မိုးကြိုးပစ်ချတာ၊ ရွှေသင်္ကန်းတွေ နည်းနည်းကွာကျတယ်၊ အဲဒါကို ဆရာတော်တွေရဲ့ သြဝါဒခံယူပြီး ပြန်ပြင်မယ်၊ စေတီမှာတော့ မိုးကြိုးလွဲမတပ်ထားလောက်ဘူး”ဟု ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။

ထိုအပြင် ကျောက်သံမံစေတီမှာလည်း မိုးကြိုးပစ်ခံရသည့်အတွက် ခြေနင်းကျောက်ပြားအနည်းငယ်ပျက်စီးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

“၂၀၁၅ မှာ တစ်ခါဖြစ်ဖူးတယ်၊ ရွှေသင်္ကန်တွေ အဖတ်လိုက်ကွာကျတယ်၊ အဲဒီတုန်းက ခုနစ်ပိသာကျော် ကွာကျတာ၊ အခုတစ်ခေါက်က ၇၂ ကျပ်သားလောက် ကွာသွားတယ်၊ ရင်ပြင်တော်က ဖုန်တွေအမှိုက်တွေနဲ့ ရောနေတာတွေကိုပါ သိမ်းလိုက်တယ်၊ အဲဒီမှာက ၄၈ ကျပ်သားလောက်ရှိတော့ အားလုံးပေါင်းရင်း ၁ ပိသာနဲ့ ၂၀ သား လောက်ရှိမယ်”ဟု ဦးကျော်ဝင်းလှိုင်းက ထပ်မံပြောဆိုသည်။

လက်ရှိတွင် ကွာကျလာသည့် ရွှေသားများကို ကျိုက်ထီးရိုဂေါပကအဖွဲ့၊ ကျိုက်ထီးရိုစေတီတော်ရင်ပြင်ရှိ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သိမ်းဆည်းထားပြီး လုံခြုံရေးယူပေးထားသော်လည်း ရွှေသင်္ကန်းကပ်လှူသည့်နေရာကို ယခင်အတိုင်း ဖွင့်လှစ်ထားပေးကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးကြိုးအရှိန်ကြောင့် ကျိုက်ထီးရိုးစေတီတော်တွင် တပ်ဆင်ထားသည့် CCTV ၇၂ လုံးကို ထိန်းချုပ်သည့် System Unite စက် လောင်ကျွမ်းသွားသော်လည်း အဆောက်အအုံနှင့် လူများထိခိုက်မှုမရှိကြောင်းလည်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ တာဝန်ရှိသူများအဆိုအရ သိရသည်။ 

#The_Voice_Daily 

R-21