News

POST TYPE

LATEST NEWS POST

ဆူဒန်အရေးတွင် အသွင်ကူးပြောင်းမှုကာလကို ၃ နှစ် သတ်မှတ်ရန် စစ်ဘက်နှင့် အတိုက်အခံများ သဘောတူ
16-May-2019



ခါတွန်၊ မေ ၁၅

ဆူဒန်နိုင်ငံတွင် အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းမည့် ကာလကို ၃ နှစ်သတ်မှတ်ရန် အတိုက်အခံ အင်အားစုများနှင့် သဘောတူညီမှု ရရှိသွားပြီဟု ဆူဒန်စစ်ဘက် ခေါင်းဆောင်များက ထုတ်ပြန်ကြေညာကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အတိုက်အခံအင်အားစုများသည် ဥပဒေပြုကောင်စီတွင် အဖွဲ့ဝင်နေရာ သုံးပုံနှစ်ပုံ ရရှိမည်ဟု အသွင်ပြောင်းကာလ စစ်ဘက်ကောင်စီ TMC က ပြောကြားသည်။

ဆူဒန်တွင် သမ္မတအိုမာအယ်လ် ဘာဆားကို ယခင်လက ဖယ်ရှားပြီးနောက် စစ်ဘက်ကောင်စီက အုပ်ချုပ်နေခြင်းဖြစ်သည်။

အိုဘာဆားကို ဖြုတ်ချခဲ့ကြသည့် ဆန္ဒပြသူများက အရပ်ဘက်အစိုးရ အုပ်ချုပ်မှုစနစ်ကို အပြည့်အဝရရှိရန် ဆက်လက်တောင်းဆိုခဲ့ကြသည်။

ကြေညာချက် မထုတ်ပြန်မီ နာရီပိုင်းအလိုတွင် မြို့တော်ခါတွန်၌ ဖြစ်ပေါ်နေသော ရုန်းရင်းဆန်ခတ်မှုများအတွင်း ဆန္ဒပြသူငါးဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

အာဏာလွှဲပြောင်းရေးဆိုင်ရာ အပြီးသတ် သဘောတူညီချက်ကို အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ DFCF နှင့် ၂၄ နာရီအတွင်း လက်မှတ်ရေးထိုးမည်ဟု ဗိုလ်ချုပ်ယာဆာအယ်လ်အတ်တာက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုကြေညာချက်တွင် ရွေးကောက်ပွဲများ မကျင်းပနိုင်မီ နိုင်ငံကို အုပ်ချုပ်မည့် ကောင်စီသစ် ဖွဲ့စည်းမည့် အစီအစဉ်လည်း ပါဝင်သည်။

အသွင်ပြောင်းကာလ ဥပဒေပြုကောင်စီကို အဖွဲ့ဝင် ၃၀၀ ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး DFCF က အဖွဲ့ဝင်နေရာ သုံးပုံနှစ်ပုံ ရရှိမည်ဖြစ်သည်။

နှစ်ဖက်ညှိနှိုင်းမှုများတွင် အသွင်ကူးပြောင်းမှုကာလအတွက် အုပ်ချုပ်မှုကောင်စီ၊ ကက်ဘိနက်နှင့် ဥပဒေပြုကောင်စီ စသည်တို့ကို ဖွဲ့စည်းရန် သဘောတူညီမှု ရရှိထားပြီဟု ဆန္ဒပြလှုပ်ရှားမှု ပြောရေးဆိုခွင့်ရှိသူ တာဟာအော့စမန်က အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

DFCF အဖွဲ့ဝင် ဆက်တီအယ်လ် ဟက်ဂျီကလည်း အာဏာခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ “အမြင်ချင်းက နီးစပ်ပါတယ်။ ဘုရားသခင် အလိုတော်အရ မကြာခင် သဘောတူညီမှု ရလုနီးနေပါပြီ”ဟု အစောပိုင်းက ပြောကြားခဲ့သည်။

အသွင်ကူးပြောင်းမှုကာလကို စစ်ဘက်က ၂ နှစ်သတ်မှတ်ရန် ဆန္ဒရှိပြီး ဆန္ဒပြခေါင်းဆောင်များက ၄ နှစ် သတ်မှတ်လိုသောကြောင့် အကြိတ်အနယ် ညှိနှိုင်းခဲ့ကြရသည်။

ဆူဒန်တွင် ဒီဇင်ဘာလက ပေါင်မုန့် ဈေးနှုန်း သုံးဆတက်သွားမှုကြောင့် ကန့်ကွက်ရန် လမ်းများပေါ်သို့ ထွက်လာခဲ့သော ပြည်သူများက အာဏာရှင်သမ္မတ အယ်လ်ဆာဘား၏ နှစ်ပေါင်းသုံးဆယ် အုပ်ချုပ်မှုကို အဆုံးသတ်ရန် အဆက်မပြတ် ဆန္ဒပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ 

F-04