News

POST TYPE

LATEST NEWS POST

မန္တလေးမြို့ လုံခြုံရေးအတွက် အဆင့်မြင့်ကင်မရာများ တပ်ဆင်မည်
06-May-2019
မန္တလေး၊ မေ ၆

မန္တလေးမြို့တော် လုံခြုံရေးအတွက် တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ Huawei မှ နည်းပညာမြင့် AI စနစ်ပါ ကင်မရာများ တပ်ဆင်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က မေလ ၆ ရက်နေ့က ပြောကြားသည်။

“ခုဆိုရင် ရဲတပ်ဖွဲ့က စောင့်ကြည့်ကင်မရာတွေနဲ့ပဲ စောင့်ကြည့်ပြီးတော့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နေရတယ်။ စီစီတီဗီ မှတ်တမ်းလောက်ရရင်ကို ဖော်ထုတ်နိုင်တဲ့ အနေအထားမျိုးတော့ရှိတယ်။ ခုတပ်မယ့် ကင်မရာတွေမှာ AI (Artificial Intelligence) ပါမယ်။ မျက်နှာမှတ်ဖတ်စနစ် (Face Recognize) ပါမယ်။ ပြီးတော့ ဌာနချုပ်ကို သတိပေးတဲ့ (Alarm) စနစ်မျိုးလည်းပါမယ်။ ဖြစ်တဲ့နေရာနဲ့ အနီးဆုံး ရဲစခန်းမှာလည်း အချက်ပေးမှုကို လက်ခံနိုင်မည့် စနစ်လည်းပါမယ်။ အဲဒီကျတော့ ဒါကို လုပ်ကိုလုပ်ရမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကင်မရာများသည် စောင့်ကြည့်မှတ်တမ်းတင်ခြင်း၊ ရာဇဝတ်မှတ်တမ်းရှိသူများကို ကြိုတင်စာရင်းသွင်းကာ ယင်းစာရင်းပါသူများ ကင်မရာမြင်ကွင်းအတွင်း ဝင်လာပါက အချက်ပေးသတင်း ပို့ခြင်းများ၊ ရာဇဝတ်မှုများဖြစ်ပါက အသိပေး အကြောင်းကြားခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောဆိုသည်။

လတ်တလော ယင်းစနစ်သုံးကင်မရာများကို မန္တလေး ခုနစ်မြို့နယ်အနက် မှုခင်းအဖြစ်အများဆုံးမြို့နယ် သုံးခုနှင့် နည်းပညာတက္ကသိုလ်နှစ်ခုတို့တွင် တပ်ဆင်ရန်စီစဉ်နေပြီး မည်သည့်မြို့နယ် သုံးခုတွင် တပ်ဆင်ရမည်ကို ရဲတပ်ဖွဲ့နှင့် တပ်ဆင်မည့် ကင်မရာကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်တမ်းကောက်နေကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းနည်းပညာများ အသုံးပြုနိုင်ရန်အတွက် Huawei ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ယခုလကုန် (သို့ မဟုတ်) ဇွန်လဆန်းပိုင်းတွင် စာချုပ်ချုပ်ရန်စီစဉ်နေကြောင်း၊ ယင်းသို့စာချုပ် ချုပ်ဆိုပြီး ခြောက်လခန့်အကြာ (နိုဝင်ဘာလခန့်) တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လတ်တလောမန္တလေးမြို့အတွင်း ရဲတပ်ဖွဲ့က စောင့်ကြည့်ကင်မရာ (စီစီတီဗီ) ထောင်နှင့်ချီ တပ်ဆင်ထားသည့်အပြင် မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ထောင်နှင့်ချီ၍ တပ်ဆင်ထားပြီးဖြစ်သည်။

M-04