News

POST TYPE

LATEST NEWS POST

မူဆယ်နယ်စပ်ဂိတ်တွင် သုံးဘီးဆိုင်ကယ်နှင့် ထော်လာဂျီများကို ပြန်လည်ဝင်ခွင့်ပြုရာမှ ယာဉ်ကြောပိတ်ဆို့မှုဖြစ်
29-Apr-2019
မူဆယ်၊ ဧပြီ ၂၉ 

မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်၌ ထော်လာဂျီနှင့် သုံးဘီးဆိုင်ကယ်များ ဝင်ထွက်ခြင်းကို ပြီးခဲ့သည့် သီတင်းပတ်မှစ၍ တရုတ်ဘက်က တားမြစ်ခဲ့ပြီးနောက် ဧပြီလ ၂၈ ရက်နေ့တွင် မန်ဝိန်းဂိတ်မှ ဝင်ရောက်ရန်ပြန်လည်ခွင့်ပြုခဲ့ရာ မူဆယ်ဘက်အခြမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“မန်ဝိန်းပေါက်ကို သုံးဘီးတွေ ဝင်ခွင့်ပေးလိုက်တာကြောင့် တစ်ပတ်လောက် မဝင်နိုင်ခဲ့တဲ့ သုံးဘီးဆိုင်ကယ်တွေ၊ ထော်လာဂျီတွေလမ်းပေါ်မှာ ပြည့်ကျပ်လာတာပါ။ သူတို့ဝင်ထွက်ဖို့ သီးသန့် ဝင်ပေါက်ပေးထားပါတယ်။ ဒါပေမဲ့ သွားချင်တဲ့ သုံးဘီးတွေကများတော့ မူဆယ်ဘက်အခြမ်းက လမ်းပေါ်မှာ ပြည့်ကျပ်သွားရတာပါ”ဟု မူဆယ်မြို့ရှိ မော်တော်ယာဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဦးမျိုးခိုင်က ပြောဆိုသည်။

မန်ဝိန်းဝင်ထွက်ပေါက်တွင် ကုန်ကားကြီးများ အဝင်အထွက်များခြင်း၊ ဂိတ်ပေါက်တွင် စစ်ဆေးမှု အချိန်ကြာမြင့်ခြင်းတို့ကြောင့် မူဆယ်ဘက်အခြမ်းတွင် ကုန်တင်ကားများမှာ တန်းစီစောင့်ကြရကြောင်း၊ လက်ရှိတွင်လည်း သုံးဘီးဆိုင်ကယ်များနှင့် ထော်လာဂျီများကိုပါ မန်ဝိန်းဂိတ်ပေါက်မှ ဝင်ထွက်စေခြင်းကြောင့် မူဆယ်မြို့လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မူဆယ်- နမ့်ခမ်းသွားလမ်းမကြီးတစ်လျှောက် မူဆယ်မြို့ရှောင်လမ်းထိပ်မှ မန်ဝိန်းဂိတ်အထိ လမ်းမကြီးတစ်လျှောက်တွင် ယာဉ်ကြော ပိတ်ဆို့နေခြင်းကြောင့် မော်တော်ယာဉ်များ စနစ်တကျ သွားလာနိုင်ရေးအတွက် လမ်းရှင်းလင်းရေးကို မူဆယ်မြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လွန်ခဲ့သည့်ရက်ပိုင်းက ဆင်ဖြူဝင်ထွက်ပေါက်မှ သုံးဘီးဆိုင်ကယ်များနှင့် ထော်လာဂျီများကို တရုတ်ဘက်သို့ အဝင်မခံသည့် ပြဿနာဖြစ်ပွားခဲ့သဖြင့် သုံးဘီးများနှင့် ထော်လာဂျီများမှာ တရုတ်ဘက်သို့ ဝင်ထွက်ခွင့်မရခဲ့သဖြင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“တရုတ်ဘက်က လမ်းတွေပြင်မယ်။ သုံးဘီးတွေ မဝင်ရဘူးဆိုတော့ မြန်မာဘက်က သုံးဘီးတွေ၊ ထော်လာဂျီတွေ တရုတ်ဘက် ဝင်မရဖြစ်ခဲ့ရတာ၊ ကုန်သယ်လို့ မရဖြစ်ခဲ့ရတာပါ” ဟု သုံးဘီးယာဉ်မောင်း ဦးနောင်နောင်က ရှင်းပြသည်။
 
ဆင်ဖြူဂိတ်ပေါက်မှ တရုတ်နိုင်ငံအတွင်းသို့ သုံးဘီးဆိုင်ကယ်များနှင့် ထော်လာဂျီများ ဝင်မရသည့်ကိစ္စကို နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းမည်ဖြစ်ပြီး လက်ရှိတွင် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေးအတွက် ဆင်ဖြူဂိတ်ပေါက်အစား မန်ဝိန်းဂိတ်ပေါက်မှ ဝင်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်သုံးခုရှိရာ ရွှေနန်းတော် ဝင်ထွက်ပေါက်မှာ လူသာဝင်ထွက်ခွင့်ရှိပြီး ဆင်ဖြူဂိတ်မှာ မြန်မာဘက်မှ ဆင်ဖြူဈေးနှင့် တရုတ်ဘက် ကြယ်ဂေါင်ဈေးကို နှစ်နိုင်ငံအကြား တစ်ပိုင်တစ်နိုင် ဈေးဝယ်၊ ဈေးရောင်းသူများ အဓိကအသုံးပြုသည်။

R-07