News

POST TYPE

LATEST NEWS POST

မုန်တိုင်းငယ် နောက် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်မည်
26-Apr-2019



ရန်ကုန်၊ ဧပြီ ၂၆

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသာ မုန်တိုင်းငယ်(Depression) သည် နောက် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းငယ်သည် လက်ရှိတွင် သီရိလင်္ကာနိုင်ငံ၊ ထရင်ကို မာလီမြို့ (Trincomalee) ၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၆၂၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် မိုင်(၈၄၀)ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် မိုင်(၈၂၀) ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဟု အဆိုပါဌာနက ခန့်မှန်းထားသည်။ 

လတ်တလောတွင် မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် မိုး/ဇလဌာနက အဝါရောင်အဆင့် သတ်မှတ်ထားသည်။

သို့သော်အဆိုပါမုန်တိုင်းသည် မေလဆန်းပိုင်း၌ မုန်တိုင်းလမ်းကြောင်းပြန်လည်ပြောင်းလဲလာနိုင်ပြီး ရခိုင်ပြည်နယ်ဘက်သို့ ဦးတည်ရွေ့လျားနိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း ရာသီဥတုအခြေအနေစောင့်ကြည့်လေ့လာသူများက နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ကိုးကား၍ သုံးသပ်ပြောဆိုသည်။

ယင်းမုန်တိုင်းငယ်ဖြစ်ပေါ်နေသည့်အတွက် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ကလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လူဦးရေတစ်သိန်းခွဲခန့် သေဆုံးခဲ့ရသည်။

E-03