News

POST TYPE

LATEST NEWS POST

လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပါအဝင် အကျဉ်းသား ခြောက်ထောင်ကျော် ထပ်လွတ်မည်
26-Apr-2019

နေပြည်တော်၊ ဧပြီ ၂၆

လက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့မှ အကျဉ်းကျနေရသူများအပါအဝင် အကျဉ်းသား ခြောက်ထောက်ကျော်ကို ထပ်မံလွတ်ပေးရန် နိုင်ငံတော်သမ္မတက စီစဉ်ထားပြီးဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ယနေ့တွင် ဒုတိယအကြိမ်အဖြစ် အကျဉ်းကျခံနေရသူ ၆၉၄၈ ဦးကို နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်ပေးလိုက်ပြီဖြစ်ပြီး တတိယအကြိမ်အဖြစ် ဆက်လက်လွတ်ပေးရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက မီဒီယာများကို နေပြည်တော်ရှိ NRPC ရုံးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"သမ္မတကနေပြီး လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ပေါ့နော်။ အားလုံးပေါင်း ၆၉၄၈ ဦး။ ဒါက ပြီးခဲ့တဲ့ အခေါက်မှာ တစ်သောင်းကျော် ပြစ်ဒါဏ်လွတ်ငြိမ်းခွင့်ပေးတယ်။ အခု ထပ်ပေးတယ်။ နောက်ထပ် တတိယအသုတ်ပေးဖို့ရှိတယ်" ဟု ၄င်းက ဆိုသည်။

အကျဉ်းသားလွတ်မြောက်ရေးအတွက် RCSS ၊ SSPP/SSA၊ ABSDF မှ အစိုးရထံ တင်ပြထားမှုရှိပြီး ၄င်းတို့ အဖွဲ့ ၃ ဖွဲ့မှ ဦးရေ ၂၀ ခန့်ကို ပြည်ထဲရေးမှတဆင့် နိုင်ငံတော်သမ္မတထံ စိစစ်တင်ပြသွားမည်ဖြစ်ကြောင်း ယင်းအပြင်နိုင်ငံရေးနှင့် ဆက်နွယ်သည့် အကျဉ်းသားတို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယနေ့လွတ်ပေးသည့် အကျဉ်းထောင်များမှာ မြန်မာနိုင်ငံအထက်ပိုင်း (ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး) မှ ဖြစ်ပြီး လာမည့် တတိယ အကြိမ်တွင် မြန်မာပြည်အောက်ပိုင်း အကျဉ်းထောင်များမှ လွတ်ပေးမည်ဟု သိရသည်။

"အဓိကအားဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်မှု၊ နောက်တစ်ခုက မူးယစ်ဆေးဝါးသုံးစွဲတဲ့အမှု၊ အဲ့ဒါတွေနဲ့ ပက်သက်လို့ အကျဉ်းကျခံနေရတဲ့ သူတွေ၊ အဲ့ဒါတွေကို ဦးစားပေးပြီးလွှတ်ပါတယ်။ နောက်အချို့ EAO အဖွဲ့တွေပေါ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကျနော်တို့ သမ္မတနဲ့ အတိုင်ပင်ခံဆီကို အကျဉ်းထောင်မှာကျခံနေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေ ပြန်လွှတ်ပေးဖို့ တင်ပြထားတာအဖွဲ့ ၃ ဖွဲ့ရှိတယ်။ အဲ့ဒီအဖွဲ့တွေလည်း ပြန်လွတ်ဖို့ရှိတယ်။ နောက်တစ်ချို့ နိုင်ငံရေးနဲ့ ပက်သက်တဲ့ဟာလေးတွေဆို ပြောထားတာရှိတယ်။ အဲ့ဒါတွေလည်း ကျနော်တို့ အကုန်ပြန်လွတ်ဖို့ရှိပါတယ်" ဟု ၄င်းက ထပ်လောင်းပြောသည်။

မြန်မာ နှစ်ဆန်းတစ်ရက်နေ့က သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ၆၃၁၈ ဦးကို လွတ်ပေးခဲ့သည်။

S-01