News

POST TYPE

LATEST NEWS POST

ရခိုင်ပြည်နယ်သို့ဝင်ရောက်ရန်အတွက် မလေးရှားရှိ နေရာနှစ်ခုတွင် အိုင်အက်စ်အဖွဲ့ စခန်းချစီစဉ်နေကြောင်း မလေးရှားရဲချုပ် အသိပေး
26-Apr-2019



ကွာလာလမ်ပူ၊ ဧပြီ ၂၆

မလေးရှားရဲချုပ် တန်ဆရီ မိုဟာမက် ဖူဇီဟာရန်းသည် မလေးရှားနိုင်ငံရှိ နေရာနှစ်ခုတွင် အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်သို့ ၀င်ရောက်ရန်အတွက် စုရပ်ဖွဲ့ကာ စခန်းချစီစဉ်မှုများရှိနေကြောင်း ထုတ်ဖော်အသိပေးလိုက်သည်ဟု NST သတင်းမီဒီယာက ဖော်ပြထားသည်။

မလေးရှားရဲတပ်ဖွဲ့သည် ဆာဘားပြည်နယ်ရှိ တာဝူးနှင့် ဆန်ဒါကန်ခရိုင်တို့တွင် အိုင်အက်စ်အဖွဲ့က ခြေကုပ်ယူမှုများရှိနေသည်ဟု ယူဆထားပြီး ယင်းသို့စခန်းချရန် ကြိုးပမ်းနေသော အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားများမှာ ဆီးရီးယားနှင့် အီရတ်တို့တွင် နှိမ်နင်းခံလိုက်ရခြင်းကြောင့် စခန်းရွှေ့ပြောင်း ထွက်ပြေးလာသူများဖြစ်ဖွယ်ရှိသည်ဟု ရဲချုပ် ဖူဇီဟာရန်းက မှတ်ချက်ပေးသွားခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်သမားများသည် တာဝူးနှင့် ဆန်ဒါကန်ခရိုင်များကတစ်ဆင့် ရခိုင်ပြည်နယ်နှင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသများသို့ ကူးပြောင်းနိုင်ရန် အားထုတ်နေသည်ဟု သံသယဖြစ်ဖွယ်ရာ အချက်အလက်များကို မလေးရှားရဲတပ်ဖွဲ့က ရရှိထားပြီဖြစ်ပြီး ယင်းနေရာများတွင် အိုင်အက်စ်အကြမ်းဖက်သမားများက ၎င်းတို့၏အကြမ်းဖက်လုပ်ငန်းများကို ဆက်လက်လည်ပတ်ရန် အခြေစိုက်စခန်းများ ထူထောင်သွားဖွယ်ရှိသည်ဟုလည်း သတင်းရရှိထားကြောင်း ရဲချုပ် ဖူဇီဟာရန်းက ရှင်းပြသွားခဲ့သည်။

မလေးရှားရဲတပ်ဖွဲ့သည် အိုင်အက်စ်အကြမ်းဖက်သမားများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော ဆာဘားအရှေ့ပိုင်းကမ်းရိုးတန်းဧရိယာရှိ ခရိုင်ပေါင်း ၁၀ ခုကို ပိုက်စိုက်တိုက် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ၎င်းတို့၏အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံမိတ်ဖက်နိုင်ငံများအနေနှင့် အခြေအနေအရပ်ရပ်ကို တပ်လှန့် သတိပြုနိုင်စေရန်အတွက် ယခုသတင်းကို ထုတ်ပြန်ကြေညာပေးခြင်းဖြစ်ပါကြောင်း ရဲချုပ် ဖူဇီ ဟာရန်းက ဆက်လက်ပြောကြားသွားခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်သမားများ၏အရေအတွက်သည် အီရတ်နှင့် ဆီးရီးယားတို့တွင် ထိုးစစ်ဆင် နှိမ်နင်းခံလိုက်ရပြီးနောက် လေးသောင်းခွဲကျော်မှနေ၍ သုံးသောင်းခွဲသို့ လျော့ကျသွားခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတို့မှာ ၎င်းတို့၏အခြေစိုက်စခန်းသစ်တည်ထောင်ရန် အသင့်တော်ဆုံးနေရာများဟု အိုင်အက်စ်အကြမ်းဖက်သမားများက ယူဆနေကြောင်းလည်း ရဲချုပ် ဖူဇီဟာရန်းက အသိပေးသွားခဲ့သည်။

E-11