News

POST TYPE

LATEST NEWS POST

စက်မှုဇုန်အတွက် လယ်မြေရောင်းပေးသည့် တောင်သူများကို အိမ်ရာမြေကွက်များ အခမဲ့ပြန်ပေး
25-Apr-2019

ပုသိမ်၊ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် လယ်ယာမြေများ ရောင်းချပေးခဲ့သည့် တောင်သူများကို အိမ်ရာမြေကွက်ပေါင်း ၃၁၃ ကွက်အား ဧပြီလ ၂၁ ရက်မှစတင်ကာ အခမဲ့ပြန်လည်ချထားပေးနေကြောင်း မအူပင်စက်မှုဇုန် စီမံကိန်းလုပ်ငန်းထံမှ သိရသည်။

လယ် ၁၀ ဧက ရောင်းပေးလျှင် မြေ ၁ ဧက (ပေ ၄၀၊ ပေ ၆၀ မြေကွက် ၁၁ ကွက်) ပြန်လည်ပေးအပ်မည်ဟု ကတိပြုခဲ့သည့်အတိုင်း ပြန်လည် ပေးအပ်ခြင်းဖြစ်ကြောင်း ယင်းစီမံကိန်းကို ဆောင်ရွက်နေသည့် မအူပင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီထံမှ သိရှိရသည်။

“လယ် ၁ ဧကကို မူလပေါက်ဈေးထက် ပိုပေးဝယ်တဲ့အပြင် တောင်သူတွေ ရေရှည်အကျိုးရှိစေဖို့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီမှာ ရှယ်ယာ ထည့်ဝင်ခွင့်ပေးခဲ့တယ်။ ဒါ့အပြင် မြေ ၁၀ ဧက ရောင်းပေးရင် အိမ်ရာမြေ ၁ ဧက ပြန်ပေးမယ်ဆိုပြီး ကတိပြုခဲ့တယ်။ မြေကွက်နဲ့တွက်မယ်ဆိုရင် ပေ ၄၀ ၊ ပေ ၆၀ မြေကွက်ပေါင်း ၁၁ ကွက် ရှိပါတယ်”ဟု မအူပင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဦးမြင့်ဦးကပြောသည်။

အခမဲ့ပြန်ပေးသည့် အိမ်ရာမြေကွက်များတွင် နေထိုင်သွားလာရေး လွယ်ကူစေရန် ကုမ္ပဏီဘက်က အမေရိကန်ဒေါ်လာ ၃ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀၀ အကုန်အကျခံပြီး ပေ ၄၀ နှင့် ပေ ၆၀ လမ်းများ ဖောက်ပေးခြင်း၊ ကွန်ကရစ်လမ်းများ ခင်းပေးခြင်း၊ လျှပ်စစ်မီးတိုင်များ စိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“လယ်တွေကို ပေါက်ဈေးထက် ပိုပေးပြီးဝယ်ခဲ့တာ အမှန်ပါ။ ပြီးတော့ မြေ ၁၀ ဧက ရောင်းပေးတာကို မြေ ၁ ဧက ပြန်ပေးတယ်။ ပြန်ပေးတဲ့မြေတွေကိုလည်း အိမ်ရာကွက်တွေ ဖော်ပြီးပေးတာဖြစ်လို့ အရမ်း အဆင်ပြေပါတယ်”ဟု ညောင်ဝိုင်းကျေးရွာမှ တောင်သူ ဦးကိုမြင့်က ပြောသည်။

ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ယင်းစက်မှုဇုန် စီမံကိန်း အမြန်ဆုံး ပြီးမြောက်ရန်လိုအပ်ကြောင်း ဧရာဝတီတိုင်း အလုပ်သမား အခွင့်အရေးဆိုင်ရာ ကွန်ရက်မှ ဦးထွန်းထွန်းက သုံးသပ်သည်။ မအူပင်စက်မှုဇုန် စီမံကိန်းအတွက် မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာရှိ မြေဧက ၃၅၀၀ ကို အသုံးပြုမည်ဖြစ်ပြီး မြေဧက ၂၈၃ ဧကပေါ်တွင် စီမံကိန်း ပထမဆင့်ကို တည်ဆောက်နေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

R-12