News

POST TYPE

LATEST NEWS POST

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်မည့် ရုပ်ပွားတော်များ ဒေသစာရီကြွချီမည်
24-Apr-2019

ဟင်္သာတ၊ ဧပြီ ၂၄

နေပြည်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူမည့် ရတနာစိန်ဖူးတော်များ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်များနှင့် ငှက်မြတ်နားတော်များမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း ဧပြီလ၂၆ ရက်နေ့၌ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်၊ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အပူဇော်ခံရန် ဒေသစာရီကြွချီတော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်များနှင့် ငှက်မြတ်နားတော်များမှာ ဧပြီလ ၁၉ ရက်နေ့ကစ၍ မော်တော်ယာဉ် ၇ စီးဖြင့် လူပုဂ္ဂိုလ် ၅၀ ဦးလိုက်ပါကာ တိုင်းနှင့် ပြည်နယ်များ၌ လှည့်လည်အပူဇော်ခံမည်ဖြစ်ရာ ဧပြီလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့မှတစ်ဆင့် ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့အတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း၊ ယင်းနေ့တွင် သောင်ကြီးအထောင်၊ ရှားခဲမြို့တို့မှတစ်ဆင့် ဟင်္သာတမြို့တွင် ယာယီရပ်နားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

ရာသီဥတုအခြေအနေအရ လုံခြုံစိတ်ချရသည့် ဟင်္သာတမြို့၊ ဆယ်ထပ်ကြီးဘုရားဝင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ယာယီရပ်နားကာ အပူဇော်ခံမည်ဖြစ်သည့်အပြင် ဆရာတော်အရှင်ဆန္ဒာဓိက၏ တရားပွဲများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။ 

R-13