News

POST TYPE

LATEST NEWS POST

ရိခေါဒါရ် နယ်စပ်ဂိတ် ပိတ်ထားမှုကြာမြင့်၍ ကုန်သည်များ အခက်တွေ့
24-Apr-2019
ကလေး၊ ဧပြီ ၂၄

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာအကြားရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် ကုန်စည်များတင်သွင်းမှုကို အိန္ဒိယနိုင်ငံဘက်မှ ပိတ်ထားသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သည့်အတွက် ကုန်သည်များအနေနှင့် အခက်တွေ့နေကြကြောင်း နယ်စပ်ကုန်သည်များက ပြောကြားသည်။

အဆိုပါ နယ်စပ်ဂိတ်ကို မတ်လ ၂၅ ရက်နေ့မှစတင်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာနိုင်ငံဘက်မှ ကုန်စည်များ နယ်စပ်ဖြတ်ပြီး ဇိုခေါထာရ်ရွာသို့ ဖြတ်သန်းမသွားရန်နှင့် အိန္ဒိယနိုင်ငံမှ ကုန်စည်များ ဇိုခေါထာရ်ကျေးရွာကိုဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ မလာရောက်ရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တားမြစ်ထားသည်မှာ ဧပြီလ ၂၃ ရက်နေ့ရောက်သည်အထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသည့်အတွက်ကြောင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မည့်ပစ္စည်းများ ရိခေါဒါရ်မြို့တွင်ပိတ်မိနေပြီး လုပ်ငန်းရပ်ဆိုင်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ရိခေါဒါရ်မြို့မှ ကွမ်းသီးကုန်သည်တစ်ဦးက ပြောကြားသည်။

“ပိတ်ကတည်းကစ ကားတွေ အခုချိန်ထိ ဂိတ်ထဲကနေ မထွက်နိုင်သေးတာဘဲ။ ဂိတ်မှာလည်း ကုန်တွေကပုံနေပြီ။ ဘယ်ကားမှ မထွက်ဘူး။ နယ်စပ်ဂိတ်ဖွင့်ရင်သွားလို့ရအောင်လို့တော့ ကုန်စည်တွေကိုတော့ အဆင်သင့်လုပ်ထားတယ်”ဟု ကလေး- ရိခေါဒါရ် ကုန်စည်တင်ပို့သည့် ပန်းချယ်ရီယာဉ်လိုင်းမှ ဂိတ်မှူး ဦးမြင့်လွင်က ပြောဆိုသည်။

ယင်းနယ်စပ်မှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးစို၊ ကွမ်းသီးခြောက်၊ အထည်အလိပ်၊ စားသောက်ကုန်များတင်ပို့နေရပြီး အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံထုတ် မြေဆီများ၊ ရက်ကန်းရက်လုပ်ရာတွင် အသုံးပြုသည့်ချည်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ အများအပြား ဝင်ရောက်လျက်ရှိသည်။

မြန်မာ- အိန္ဒိယနယ်စပ်တွင် တမူး- မိုးရေးနယ်စပ်ဂိတ်နှင့် ရိခေါဒါရ်- ဇိုခေါ ထာရ်နယ်စပ်ဂိတ်ဟူ၍ နယ်စပ် ကုန်စည်တင်ပို့မှု နေ့စဉ် အများအပြား ပြုလုပ်နေသည့် ဂိတ်နှစ်ခုရှိပြီး ရိခေါဒါရ် နယ်စပ် ဂိတ်ပိတ်ထားသည့်အတွက် ကုန်သည်မှအစ ကုန်တင်ကုန်ချလုပ်ငန်းလုပ်သည့် နေ့စားအလုပ်သမားများအထိ အခက်တွေ့လျက်ရှိကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

R-20