News

POST TYPE

LATEST NEWS POST

မန္တလေးရှိ မီးပွိုင့်များတွင် အပူဒဏ်ကာ အမိုးစိမ်းများ တပ်ဆင်
24-Apr-2019


၇၈ လမ်းနှင့် စစ်ကိုင်းလမ်းဆုံရှိ ဆိုင်ကယ်လမ်းဧရိယာတွင် နေကာအမိုးစိမ်းများ တပ်ဆင်ထားသည်ကို တွေ့ရစဉ်

ဓာတ်ပုံ - MCDC

မန္တလေး၊ ဧပြီ ၂၄

မန္တလေးမြို့အတွင်းရှိ ဆိုင်ကယ်စီးနင်းသူများ အပူဒဏ်ကာကွယ်ရန် နေကာအမိုးစိမ်းပိုက်ကွန်များကို အချက်အချာကျသည့် မီးပွိုင့်များ၌ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တပ်ဆင်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။



အဆိုပါပိုက်ကွန်များ တပ်ဆင်ရန် လာရောက်လှူဒါန်းသည့် အလှူရှင်များ ရှိနေပြီး တစ်နေရာလျှင် ကျပ် ၁၄ သိန်း (ဝန်းကျင်) ကုန်ကျကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“စည်ပင်မှာ ဒီကိစ္စအတွက် ဘတ်ဂျက်လျာထားတာ မရှိပါဘူး။ အလှူရှင်တွေကိုပဲ ပိုပြီးအားကိုးရမှာပါ။ လိုအပ်တဲ့နေရာများနဲ့ အလှူရှင်တွေ ဆန္ဒပြုတဲ့နေရာတွေကို အမိုးတွေ တပ်ဆင်ပေးမှာပါ”ဟု ၎င်းက ပြောဆိုသည်။

လတ်တလောအပူဒဏ်ခံ ပိုက်ကွန်များကို ၇၈ လမ်းနှင့် စစ်ကိုင်းလမ်းဆုံ မီးပွိုင့်တို့တွင် ဧပြီလ ၂၂ ရက်နေ့က ပထမဆုံးစတင်တပ်ဆင်ပေးထားသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်စီးနင်းသူ အမြောက်အများရှိနေခြင်းကြောင့် နွေကာလတွင် အမိုးအကာများ တပ်ဆင်ပေးခြင်းဖြင့် အပူဒဏ်ကို လျှော့ချကာကွယ်နိုင်မည်ဖြစ်သည့်အတွက် မီးပွိုင့်ကဲ့သို့ စောင့်ဆိုင်းရမည့် နေရာများတွင် တပ်ဆင်ပေးရန် လိုအပ်ကြောင်း မန္တလေးဒေသခံ ကိုဇော်ဇော်က မှတ်ချက်ပြုပြောကြားသည်။

“နေတအားပူတဲ့အချိန် မီးပွိုင့်မိပြီဆိုရင် အသားတွေက ပူလောင်နေတာ။ အတော်ကို ဆိုးတယ်။ အခုလို ဆိုတော့ ဘာပဲပြောပြော သက်သာတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ်နွေရာသီသည် ပြီးခဲ့သည့်နွေကာလများကထက် ပိုပူသောကြောင့် ဆိုင်ကယ်စီးသူများအတွက် နေပူဒဏ်ကို အထိုက်အလျောက်လျှော့ချနိုင်စေရန် နေကာအမိုးစိမ်း ပိုက်ကွန်များကို တပ်ဆင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“လေဒဏ် ခံနိုင်အောင်နဲ့ ဘေးအန္တရာယ်ကင်းအောင် လုပ်ပေးထားတာပါ။ နောက်ထပ်နေရာတွေကိုလည်း ရွေးပြီး တပ်ဆင်ပေးသွားပါမယ်”ဟု ၎င်းက ဆိုသည်။

နေကာအမိုးစိမ်းများကို အပူချိန်လျော့ကျသွားသည့် ကာလအရောက်တွင် ဖြုတ်သိမ်းမည်ဖြစ်ပြီး ပိုက်နှင့် စတီးဝါယာများကို လာမည့်နှစ်များတွင် ပြန်လည်အသုံးပြုနိုင်ရန် စနစ်တကျသိမ်းဆည်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

M-08