News

POST TYPE

LATEST NEWS POST

သောက်သုံးရေပြတ်လပ်နေသည့် တောင်ငူမြို့နယ်ရွာပေါင်းနှစ်ဆယ်ကျော်ကို ရေဂါလံ ၆၄၀၀ ကျော် ပေးလှူ
24-Apr-2019

ဓာတ်ပုံ - ထွေအုပ်


တောင်ငူ၊ ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အမှတ် ၁၂ ရပ်ကွက်အပါအဝင် သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်ကျေးရွာပေါင်း ၂၀ ကျော်ကို တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဦးစီးကာ ရေဂါလံ ၆၄၀၀ ကျော် ပေးလှူခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“နှစ်စဉ်နွေရာသီရောက်တိုင်း ရေပြတ်လပ်နေကြ။ စစ်တောင်းမြစ်ကမ်းဘေး အနောက်ဆင်အုပ်စုဘက်က ရွာတွေမှာ ရေမပြတ်ဘူး။လေးမိုင်တို့ သဲဖြူတို့ဘက်မှာ ရေပြတ်လပ်သွားတာ။ သောက်သုံးရေတွေကို ရေဘောက်ဆာကားတွေနဲ့တော့ အလျင်မီအောင် ဖြန့်ဖြူးပေးနေတယ်။ တခြားလိုအပ်တဲ့ရွာတွေလည်း ဆက်သွယ်တောင်းခံနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ငူခရိုင် တောင်ငူမြို့၊ ရေတာရှည်နှင့် ဆွာမြို့များတွင် ယခုနှစ် ဧပြီတတိယအပတ်ခန့်ကတည်းက သောက်သုံးရေ ရှားပါးပြတ်လပ်နေခြင်းဖြစ်ပြီး အများစုမှာ သုံးရေအဆင်ပြေသော်လည်း သောက်ရေအဆင်မပြေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကုန်းကြီးဘက်မှာလည်း သောက်သုံးရေပြတ်စပြုပြီ။ တွင်းရေတွေအောက်ဓာတ်ဆုတ်လာတာမျိုးပါ။ ဆွာကျွန်းတောစုမှာတော့ သောက်ရေပြတ်လပ်လို့ ပေးလှူနေကြရပြီ”ဟု ရေတာရှည်မြို့နယ် ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကျေးရွာအများစုသည် အဝီစိတွင်းရေကိုသာ အားထားနေရသည့်အပြင် အချို့ကျေးရွာများမှာ ကျောက်ရောမြေများတွင် လူနေအိမ်ခြေတည်ဆောက်နေကြရသဖြင့် ဌာနဆိုင်ရာ သို့မဟုတ် အလှူရှင်များက တူးဖော်လှူဒါန်းသည့် စက်ရေတွင်းမှရေကိုသာ အားထားနေကြရ၍ ရေရှားပါးပြတ်လပ်လာပါက အခက်ခဲပိုများကြောင်း ယင်းဒေသခံများက ဆိုသည်။

“ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူ ဒါန်းပေးထားတဲ့ ကျောင်းနောက်မှာ စက်ရေတွင်းတစ်တွင်းရှိတယ်။ အနက်ပေတစ်ရာကျော်ကို ရုန်းနေရတဲ့စက်က သိပ်ပြီးမဟုက်တော့ မလောက်ငဘူးဖြစ်နေတယ်”ဟု ကျွန်းတောစုစံပြကျေးရွာသစ်သို့ ပြီးခဲ့သည့် သင်္ကြန်မတိုင်မီရွှေ့ပြောင်းခဲ့သူ ဦးအောင်ဝင်းက ပြောကြားသည်။

တောင်ငုမြို့နယ် အမှတ် ၂ ရပ်ကွပ်နယ်မြေငါးခုအပါအဝင် ရပ်ကွက်ကျေးရွာနှစ်ဆယ်ခန့်တွင် အိမ်ခြေ ၁၅၀၀ ကျော် ရှိနိုင်ပြီး လူဦးရေ ၉၀၀၀ ကျော်အတွက် နေ့စဉ်သောက်ရေ သုံးရေဂါလံ ၁၅၀၀၀ နီးပါးလိုအပ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

R-15