News

POST TYPE

LATEST NEWS POST

ရိုက်တာသတင်းထောက် ၂ ဦး အယူခံလျှောက်ထားမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးပယ်ချ၊ အယူခံဆက်တက်ရန် အစီအစဉ်မရှိတော့ဟုဆို
24-Apr-2019

ရန်ကုန်၊ ဧပြီ ၂၃ 

ရိုက်တာသတင်းထောက်နှစ်ဦး၏ ပြင်ဆင်ချက်လျှောက်ထားမှုကို နေပြည်တော်ရှိ ပြည်ထောင်စု တရားရုံးချုပ်က ပယ်ချခဲ့သည့်အတွက် ထပ်မံပြင်ဆင်ချက်တက်ရန် အစီအစဉ်မရှိဟု သတင်းထောက်နှစ်ဦး ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ပြင်ဆင်ချက် ထပ်မတက်တော့ဘူး။ အစီအစဉ်လည်းမရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေဖြင့် ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“ပြောရရင် သူတို့ကိုဆက်ပြီးတော့ အပစ်ပေးတဲ့ ပုံစံပေါ့ဗျာ။ အတိအကျကတော့ အကြောင်းပြချက်မပါသေးဘူးပေါ့။ အမိန့်အပိုင်းကိုပဲ ဆုံးဖြတ်လိုက်တာ။ ပယ်လိုက်တယ် ပလပ်လိုက်တယ်ဆိုတာမျိုးပေါ့။ ကျွန်တော်တို့ကတော့ သူတို့လွတ်ဖို့ အတွက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ၊ အခုလည်းပဲ ဆက်ပြီးတော့ သူတို့ လွတ်မြောက်ဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်ပြီးတော့ ကြိုးစားမှာပဲ” ဟု အယူခံထားပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

သတင်းထောက်နှစ်ဦး ပြင်ဆင်ချက်လျှောက်ထားမှု ပယ်ချခံရခြင်းနှင့် ပတ်သက်၍ စုံညီခုံရုံးအထိ ဆက်လက် တက်သင့်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က အကြံပြုသည်။ 

“ခေတ်တိုင်းခေတ်တိုင်းမှာ NLD အစိုးရရယ် မဟုတ်ဘူး၊ အစိုးရတိုင်းက အာဏာရတာနဲ့ အမြဲတစေ မီဒီယာအပေါ်တုံ့ပြန်မှုက ပြင်းထန်တယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ထို့အပြင် သတင်းထောက် နှစ်ဦး ပြင်ဆင်ချက်အပေါ် ပြစ်ဒဏ်လျှော့ချပေးရန် မျှော်လင့်ထားမှုအပေါ် ပယ်ချသည့်အတွက် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးအနေနှင့် သာမန်အမှုများထက် မီဒီယာသမားများကို ကိုင်တွယ်ချဉ်းကပ်မှု ပြင်းထန်လွန်းသည့်အတွက် ကန့်ကွက်ကြောင်း ၎င်းကဆိုသည်။ 

သတင်းထောက် ကိုကျော်စိုးဦး အမျိုးသမီး မချစ်စုဝင်းက “လွှတ်ရင်လည်း လွှတ်မယ်။ ပြစ်ဒဏ်လျှော့ပေးရင်လည်း လျှော့မယ်လို့ မျှော်လင့်ထားတယ်။ အခုက စိတ်မကောင်းဘူး။ သူလည်း တရားရုံးမတက်ခင်က မျှော်လင့်ထားတာ အခုက မတရားဘူး”ဟု ၎င်းကဆိုသည်။ 

ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ် မြောက်ပိုင်းပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဘက်မှ ချိန်းဆိုမှုကိုသွားရောက်တွေ့ဆုံခဲ့ပြီး နောက်အပြန်တွင် ရခိုင်မြောက်ပိုင်းဖြစ်စဉ် စာရွက်စာတမ်းများကို လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“အခုအဆုံးအဖြတ်နဲ့ပတ်သက်လို့ စိတ်ပျက်တယ်။ ဒါမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေ ပြောဆိုခွင့်ကို အဟန့်အတားအများကြီး ဖြစ်စေတယ်လို့ ပြောချင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။

အဆိုပါ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်က မြောက်ပိုင်းခရိုင်းတရားရုံးမှ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းက စ၍ အယူခံအဆင့်ဆင့် တင်သွင်းခဲ့သော်လည်း မြောက်ပိုင်းခရိုင် တရားရုံးနှင့် ရန်ကုန်တိုင်း တရားလွှတ်တော်တို့က ပယ်ချခဲ့သည်အတွက် အမြင့်ဆုံး တရားရုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်သို့ ထပ်မံ အယူခံလျှောက်ထားခဲ့ရာမှ ထပ်မံပယ်ချခံရခြင်း ဖြစ်သည်။

J-18