News

POST TYPE

LATEST NEWS POST

အီရန်ထံမှ ရေနံတင်သွင်းသူများအတွက် အရေးယူပိတ်ဆို့မှု ကင်းလွတ်ခွင့်ကို အမေရိကန် အဆုံးသတ်တော့မည်
24-Apr-2019



ဝါရှင်တန်၊ ဧပြီ ၂၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ထံမှ ရေနံ ဝယ်ယူတင်သွင်းနေဆဲဖြစ်သော နိုင်ငံများအတွက် အရေးယူပိတ်ဆို့မှု ကင်းလွတ်ခွင့်များကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။

တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တူရကီတို့အတွက် အရေးယူပိတ်ဆို့မှု ကင်းလွတ်ခွင့်သည် မေလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင်မူ အမေရိကန် အရေးယူပိတ်ဆို့မှုကို အသီးသီးရင်ဆိုင်ကြရမည်ဖြစ်သည်။

ဤဆုံးဖြတ်ချက်သည် အီရန်၏ ရေနံတင်ပို့မှုကို သုညအဆင့်သို့ ကန့်သတ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အီရန်အစိုးရ၏ အဓိကဝင်ငွေရင်းမြစ်ကို ပိတ်ဆို့ခြင်းဖြစ်သည်။

အီရန်ကမူ အမေရိကန် အရေးယူပိတ်ဆို့မှုသည် ဥပဒေနှင့်မညီဟု ဝေဖန်ပြောဆိုထားသည်။

၂၀၁၅ အီရန် နျူကလီးယား စာချုပ်မှ နုတ်ထွက်ထားသည့် ထရမ့်အစိုးရသည် အီရန်အား နျူကလီးယား အစီအစဉ်သာမကပဲ ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကိုပါ ကန့်သတ်မည့် စာချုပ်သစ်တစ်ရပ် ပြန်လည်ချုပ်ဆိုရန် ဖိအားပေးနေခြင်းဖြစ်သည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများသည် အီရန်၏ စီးပွားရေးကို ထိုးဆင်းသွားစေမည်ဖြစ်ရာ အီရန်ငွေကြေး တန်ဖိုးကို စံချိန်တင်ကျဆင်းစေကာ ငွေဖောင်းပွမှု လေးဆတိုးစေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖယ်ခွာစေပြီးနောက် ပြည်တွင်းဆန္ဒပြမှုများကို အဆင့်ဆင့် ဖြစ်ပေါ်စေမည်ဖြစ်သည်။

ထရမ့်အစိုးရသည် နိုဝင်ဘာလက အီရန်၏ စွမ်းအင်၊ သင်္ဘောတည်ဆောက်မှု၊ ကုန်စည်ပို့ဆောင်မှုနှင့် ဘဏ်လုပ်ငန်း ကဏ္ဍာများအပေါ် အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ခဲ့သည်။

သို့ရာတွင် အီရန်ရေနံ ဝယ်ယူနေသော တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ အီတလီနှင့် ဂရိ ရှစ်နိုင်ငံအား အခြားရင်းမြစ်ရှာဖို့ အချိန်ရစေရန်နှင့် ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်စေရန်အတွက် အရေးယူပိတ်ဆို့မှုမှ ခြောက်လကင်းလွတ်ရန် ခွင့်ပြုခဲ့သည်။

ရှစ်နိုင်ငံအနက်မှ ဂရိ၊ အီတလီနှင့် ထိုင်ဝမ်တို့က အီရန်ရေနံ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြပြီဖြစ်သော်လည်း ကျန်ခြောက်နိုင်ငံက ၎င်းတို့၏ ကင်းလွတ်ခွင့်ကို သက်တမ်းတိုးပေးရန် တောင်းဆိုထားကြသည်ဟု သိရှိရသည်။

အရေးယူပိတ်ဆို့မှု ကင်းလွတ်ခွင့်များကို သက်တမ်းတိုးခြင်းမပြုသည့် ထရမ့်၏ဆုံးဖြတ်ချက်သည် ကမ္ဘာ့ရေနံ ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရင်း အမေရိကန်၏ အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကို ပြည့်ဝစေမည့် နည်းလမ်းဖြင့် ဖိအားပေးမှု အစီအစဉ်ကို အမေရိကန်အစိုးရက ထိရောက်စွာ တိုးမြှင့်နေသည့်အချက်ကို ထင်ဟပ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေကို အီရန်ရေနံကနေ အခြားရင်းမြစ်ကို ပြောင်းလဲရာမှာ လွယ်ကူစေဖို့အတွက် ဆော်ဒီအာရေဗီးယား၊ ယူအေအီး အပါအဝင် အခြားရေနံထုတ်လုပ်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါတယ်”ဟု ပွန်ပီယိုက ပြောကြားသည်။ 

F-04