News

POST TYPE

LATEST NEWS POST

မန္တလေးတွင် မြစ်ဆုံစီမံကိန်းအလိုမရှိကြောင်း စတစ်ကာကမ်ပိန်းပြုလုပ်
22-Apr-2019

မန္တလေး၊ ဧပြီ ၂၂

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အလိုမရှိကြောင်းနှင့် ဧရာဝတီကိုကယ်ဆယ်ရေး စတစ်ကာကမ်းပိန်းကို မန္တလေးမြို့ လမ်းဆုံနှင့် လူစည်ကားရာနေရာများတွင် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းကို မရပ်တန့်ပါက မြန်မာနိုင်ငံတစ်ခုလုံးအတွက် အကျိုးမရှိဘဲ ဆိုးကျိုးများသာ ဖြစ်ပေါ်လာမည့်အကြောင်းကို အများပြည်သူ လူထုအတွင်း ပိုမိုကျယ်ပြန့်စွာ သိရှိစေရေး ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း Freedom Fighter အဖွဲ့မှ မန္တလေးတာဝန်ခံ ဦးသဲနှစ်အောင်က ပြောကြားသည်။

“ဒီစီမံကိန်းက မြန်မာနိုင်ငံ အထက်ပိုင်းကနေ ဟိုးအောက်ခြေအထိ ဘာကောင်းကျိုးမှ မပေးဘဲ ဆိုးကျိုးပဲပေးမယ်ဆိုတာကို အားလုံးပြောဆိုနေကြတယ်။ ဒါကို အများပြည်သူတွေ ပိုမို သိရှိစေချင်တယ်။ ပိုပြီး အာရုံစိုက်စေချင်တယ်။ ဒါကြောင့် ခုကမ်ပိန်းလေးကို လုပ်လိုက်တာပါ” ဟု ၎င်းက ပြောဆိုသည်။

ယင်းကမ်ပိန်းသည် မန္တလေးမြို့လမ်းဆုံနေရာများမှ မီးတိုင်များ၊ လူအများမြင်သာထင်သာရှိသည့် နေရာများတွင် “မြစ်ဆုံဆည်အလိုမရှိ၊ ဧရာဝတီကို ကာကွယ်ကြ” ဟု ရေးသားထားသည့် စတစ်ကာများကို လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

လတ်တလောမြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ရေးအတွက် မြန်မာပြည်သူလူထုက လှုပ်ရှားမှုမျိုးစုံကို လုပ်ဆောင်နေပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင်လည်း ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Freedom Fighter အဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်လည်း စတစ်ကာကမ်းပိန်းတစ်ခု ပြုလုပ်ခဲ့ဖူးသည်။

M-04



စတစ်ကာများ လိုက်ကပ်နေသည်ကို တွေ့ရစဉ်