News

POST TYPE

LATEST NEWS POST

ဆင်ကဲစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ ဝမ်းရောဂါဖြစ်
21-Apr-2019

စစ်တွေ၊ ဧပြီ ၂၁

မြောက်ဦးမြို့နယ် လေးမြို့ချောင်း အထက်ပိုင်းရှိ ဆင်ကဲစစ်ဘေးရှောင်စခန်း၌ ယာယီတဲများ တည်ဆောက်ရန် အခက်အခဲဖြစ်နေကြပြီး စစ်ဘေးရှောင်များလည်း ဝမ်းရောဂါများ ဖြစ်ပေါ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး(REC) ထံမှ သိရသည်။

အဆိုပါစခန်း၌ လူဦးရေ ၃၀၀ ကျော်ခိုလှုံနေပြီး ဧပြီလ ၁၆ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ယာယီတဲများ ပျက်စီးခဲ့သဖြင့် ယခုအခါ ပြန်လည် ဆောက်လုပ်နေကြသော်လည်း အမိုးအကာများ လုံလောက်မှုမရှိ ဖြစ်နေကြောင်း REC က ဆိုသည်။

“တာပေါ်လင်စတွေ မရှိတော့ နွေပူဒဏ်ခံနေရပြီ၊ စားနပ်ရိက္ခာလည်း မလုံလောက်ဖြစ်နေတယ်။ အဲဒီနေရာကို လုံခြုံရေး အခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်ဖြစ်ကြဘူး”ဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောကြားသည်။

ထို့အပြင် ဒုက္ခသည်အချို့မှာ ဖျားနာခြင်း၊ ဝမ်းရောဂါဖြစ်ခြင်း စသည့် ဝေဒနာများကို ခံစားနေရကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိသဖြင့် နီးစပ်ရာ ကုန်စုံဆိုင်များမှ သောက်ဆေးများ ဝယ်ယူသောက်သုံးနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“သူတို့က ချောင်းရေ သောက်ကြတယ။် အခု ချောင်းရေက သောက်ဖို့လည်း မသင့်တော်တော့ဘူး။ ဆရာဝန်ကြီးလည်း တစ်ခေါက်ပဲ ရောက်တယ်။ သူလည်း အလုပ်များပြီး မလာနိုင်ဘူး ဖြစ်နေတယ်”ဟု ကိုဇော်ဇော်ထွန်းက ထပ်လောင်း ပြောဆိုသည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ ၃၅၀၀၀ ထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (REC) ထံမှ ထပ်မံ သိရသည်။

R-22