News

POST TYPE

LATEST NEWS POST

သီရိလင်္ကာတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဟိုတယ်များကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှု ခြောက်ခု ဖြစ်ပွား၊ အနည်းဆုံး လူ ၁၅၆ ဦး သေဆုံး
21-Apr-2019


ကိုလြမ္ဘို၊ ဧၿပီ ၂၁

သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ဗုံးပေါက်ကွဲမှု အနည်းဆုံး ခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းဗုံးခွဲတိုက်ခိုက်မှုများမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် ဟိုတယ်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု သီရိလင်္ကာ အစိုးရအာဏာပိုင်များက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဗုံးခွဲတိုက်ခိုက်မှု အားလုံးသည် ခရစ်ယာန်ဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် အီစတာပွဲတော်ကာလကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကာ ကိုချီကာဒီ၊ နီဂွမ်ဘိုနှင့် ဘတ်တီကာလိုအာမြို့များရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း သုံးကျောင်းတွင် ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုထားပြီလည်းဖြစ်သည်။

အခြားသော ဗုံးပေါက်ကွဲမှုသုံးခုသည် ကိုလွမ်ဘိုမြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များဖြစ်ကြသော ရှန်ဂရီလာ၊ ဆင်နာမွန်ဂရန်းနှင့် ကင်းစ်ဘူရီဟိုတယ်များကို ဦးတည်ချက်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ဆိုခြင်းကို အတည်ပြုနိုင်ရန်အတွက် သီရိလင်္ကာရဲတပ်ဖွဲ့ အရာရှိများကလည်း အရေးပေါ် စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် သေဆုံးခဲ့သူ အရေအတွက်မှာ ကနဦးတွင် ၁၅၆ ဦးရှိသွားပြီဟု သီရိလင်္ကာအစိုးရက သတင်းထုတ်ပြန်ပေးထားပြီး ကိုလွမ်ဘိုမြို့ရှိ ဟိုတယ်သုံးခုတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ၌ အသက်ဆုံးရှုံးခဲ့ရသူများအနက်တွင် နိုင်ငံခြားသား ကိုးဦးပါဝင်နေသည်ဟုလည်း တာဝန်ရှိသူများက ပြောကြားထားသည်။

အကြမ်းဖက်သမားများသည် အသေခံဗုံးခွဲသမားများကို အသုံးပြု၍ ယခုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ခိုက်မှုခြောက်ခုတွင် ဒဏ်ရာရရှိခဲ့သူ အရေအတွက် စုစုပေါင်းမှာ လေးရာကျော်ရှိခဲ့သည်ဟု ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများကလည်း အသိပေးထားပြီဖြစ်သည်။