News

POST TYPE

LATEST NEWS POST

Huawei သည် တရုတ်နိုင်ငံတော်လုံခြုံရေးအာဏာပိုင်များ၏ ငွေကြေးပံ့ပိုးမှု ရရှိထားဟု အမေရိကန်ထောက်လှမ်းရေး စွပ်စွဲ
21-Apr-2019



နယူးယောက်၊ ဧပြီ ၂၀ 

တရုတ်နည်းပညာကုမ္ပဏီ Huawei သည် တရုတ်နိုင်ငံတော် လုံခြုံရေးအာဏပိုင်အဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုရရှိထားသည့် လုပ်ငန်းဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဖြစ်သော စီအိုင်အေက စွပ်စွဲပြောဆိုထားကြောင်း Reuters သတင်းဌာနက သတင်းရင်းမြစ်တစ်ခုကို ကိုးကားရေးသားဖော်ပြသည်။ 

အမေရိကန် စီအိုင်အေ၏ စွပ်စွဲပြောဆိုမှုအရ Huawei သည် တရုတ်အမျိုးသားလုံခြုံရေးကော်မရှင်၊ တရုတ်လွတ်မြောက်ရေးတပ်မတော်နှင့် တရုတ်နိုင်ငံတော် ထောက်လှမ်းရေးကွန်ရက်၏ အဖွဲ့ခွဲတစ်ခုတို့ထံမှ ရန်ပုံငွေရယူလျက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောဆိုသည်။ 

အဆိုပါစွပ်စွဲချက်များနှင့် ပတ်သက်၍ Huawei ကုမ္ပဏီက ဟုတ်မှန်ခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုသည်။ 

“မည်သူမည်ဝါမှန်းမသိတဲ့ သတင်းရင်းမြစ်တွေဆီကရတဲ့၊ သက်သေအထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး Huawei ကုမ္ပဏီအနေနဲ့ ထင်မြင်သုံးသပ်ချက် ပေးမှာမဟုတ်ပါဘူး”ဟု Huawei ၏ ကိုယ်စားလှယ်တော်တစ်ဦးက ဗြိတိန်အခြေစိုက် The Times သတင်းစာသို့ ပြောကြားသည်။

Huawei ကုမ္ပဏီ၊ အမေရိကန် စီအိုင်အေနှင့် တရုတ်နိုင်ငံတော်လုံခြုံရေး အေဂျင်စီများကလည်း အဆိုပါသတင်းနှင့် ပတ်သက်၍ အရေးတကြီးတုံ့ပြန်ပြောဆိုမှု မပြုသေးပေ။ 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီး Huawei ၏ နည်းပညာပစ္စည်းများသည် လျှို့ဝှက်ထောက်လှမ်းရန် ထုတ်လုပ်ထားခြင်းဖြစ်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများမြင့်တက်နေစဉ် အဆိုပါသတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

Huawei ကုမ္ပဏီသည် ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်နေသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုမှ အာဏာပိုင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ 

Huawei ၏ ဘဏ္ဍာရေးအရာရှိနှင့် Huawei တည်ထောင်သူ၏ သမီးဖြစ်သူ မိုင်ဝမ်ဇူးသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကနေဒါနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

၎င်းသည် အီရန်အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်ခဲ့သည်ဆိုသော အမေရိကန်ပြည်ထောင်စု၏ စွဲချက်များကြောင့် ကနေဒါအာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။  

F-01