News

POST TYPE

LATEST NEWS POST

တနင်္သာရီဂျာနယ် အယူခံအမှု မေလ ၃ ရက်နေ့ အမိန့်ချမည်
19-Apr-2019


ပုံစာ - ထားဝယ်ခရိုင်တရားရုံးမှ ထွက်လာသည့် တနင်္သာရီဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်နှင့် အကျိုးဆောင်ရှေ့နေအားတွေ့ရစဉ်

ထားဝယ်၊ ဧပြီ ၁၉

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုခဲ့သည့် တနင်္သာရီဂျာနယ် အယူခံအမှုကို မေလ ၃  ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံး သရော်စာကြောင့် တိုင်းအစိုးရက တရားစွဲဆိုခဲ့ပြီး ထားဝယ်မြို့နယ် တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင်ရန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမိန့်ချခဲ့သည်။

ယင်းကြောင့် တနင်္သာရီဂျာနယ်ဘက်မှ ထားဝယ်ခရိုင်တရားရုံးထံ မတ်လ ၁၃ ရက်နေ့က အယူခံ တင်သွင်းခဲ့သည်။

တနင်္သာရီဂျာနယ်ဘက်မှ အယူခံတင်သွင်းမှုနှင့်ပတ်သက်၍ ဧပြီလ ၁၉ ရက်နေ့က ခရိုင်တရားရုံးတွင် နှစ်ဖက်အပြီးသတ် လျှောက်လဲခဲ့ကြသည်။

“မေလ ၃ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်၊ အယူခံအမှုနဲ့ပတ်သက်ပြီး အပြီးသတ် အမိန့်ချမယ်”ဟု ခရိုင်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ပြောသည်။

သရော်စာကို သတင်းရေးသားရာတွင် လိုက်နာရမည့် ဥပဒေပုဒ်မဖြစ်သည့် သတင်းမီဒီယာဥပဒေ ၉ (ဆ) ဖြင့် အရေးယူခဲ့ခြင်းမှာ ဥပဒေအရ မှားယွင်းနေသည်ဟူသည့် လျှောက်လဲချက် အပါအ၀င် အဓိကအချက် ၈ ချက်ကို လျှောက်လဲခဲ့ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

သတင်းမီဒီယာဥပဒေ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြည်ရမည်ဟု ဖော်ပြထားသည်။

“အကောင်းဆုံးနဲ့ အမျှတဆုံးကိုတော့ မျှော်လင့်ထားတယ်”ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး သရော်စာသည် တနင်္သာရီတိုင်း ၀န်ကြီးချုပ် (ဟောင်း) ဒေါက်တာလဲ့လဲ့မော်နှင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တရားစွဲဆိုခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် (ဟောင်း) ဒေါက်တာလဲ့လဲ့မော်ကို အဂတိ လိုက်စားသည်ဟုဆိုကာ ထောင်ဒဏ် ၁၅ နှစ်စီ ကျခံရနိုင်သည့် အဂတိအမှု တရားစွဲဆိုထားပြီး ထားဝယ် အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။

Dawei Watch