News

POST TYPE

LATEST NEWS POST

အရက်မူးပြီး နေအိမ်ရှိပစ္စည်းများကို ရိုက်ခွဲသော သမက်ကို ယောက္ခမက ဓားဖြင့်ခုတ်သတ်
19-Apr-2019

မိတ္ထီလာ၊ ဧပြီ ၁၉

မလှိုင်မြို့နယ် ကန်တွင်းကျေးရွာအုပ်စု ဒဟတ်ပင်ကျေးရွာတွင် ဧပြီလ (၁၉) ရက်နေ့က အရက်သေစာ သောက်စားထားပြီး နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးနေသော သားမက်ဖြစ်သူကို ယောက္ခမဖြစ်သူက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

ဒဟတ်ပင်ကျေးရွာနေ ဒေါ်တူးတူး (ခ) ဒေါ်သန်းသန်းစိုး နေအိမ်တွင် ဧပြီလ (၁၈) ရက် ည ၁၂ နာရီ အချိန်က သမက်ဖြစ်သူ ကျော်မိုးသိန်းမှာ အရက်သေစာ သောက်စားထားပြီး နေအိမ်ရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးနေသည်ဟု ကန်တွင်းကျေးရွာအုပ်စု မုံပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းထံ လာရောက် အကြောင်းကြားသဖြင့် ဦးအောင်မင်းက နံနက်တွင် ဖြေရှင်းပေးမည်ဟု ပြောလိုက်ပြီး ပြန်လွတ်ခဲ့သည်။

နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် ဒေါ်တူးတူး (ခ) ဒေါ်သန်းသန်းစိုးက သမက်ဖြစ်သူကို ဓားဖြင့်ခုတ်လိုက်၍ ဒဏ်ရာဖြင့်လဲကျနေကြောင်း သိရသဖြင့် ရွာခွဲတာဝန်ခံ၊ ဆယ်အိမ်မှူးတို့နှင့်အတူ သွားရောက်ကြည့်ရှုရာ ကျော်မိုးသိန်းမှာ အိမ်ရှေ့တန်းလျားပေါ်တွင် ညာဘက်လည်ပင်း ညာဘက်ပခုံး ညာဘက်လက် ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက် လက်ခလယ် လက်သူကြွယ် လက်သန်း ပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရဖြင့် မလှိုင်မြို့မရဲစခန်းသို့ လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ အသက် (၄၅) နှစ်အရွယ် ဒေါ်တူးတူး (ခ) ဒေါ်သန်းစိုးကို မလှိုင်မြို့မရဲစခန်းက (ပ) ၇၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။ 

R-01