News

POST TYPE

LATEST NEWS POST

လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူ ၉၀၀၀ ကျော်တွင် နိုင်ကျဉ်း ၂ ဦးသာ ပါဟု AAPP ထုတ်ပြန်
18-Apr-2019


ရန်ကုန်၊ ဧပြီ ၁၈

နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်ဆိုသော အကျဉ်းသားပေါင်း ၉၀၀၀ ကျော်ကို စိစစ်ချက်အရ လွတ်မြောက်လာသည့်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ၂ ဦးသာပါဝင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/အကျဉ်းစခန်း အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၉၅၃၅ ဦး လွတ်မြောက်လာခဲ့ကြောင်း ထပ်မံစိစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အပေါ် AAPP အနေနှင့် ယင်းသို့ ထုတ်ပြန်ချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

စုဆောင်းရရှိထားသော စာရင်းအရ အမိန့်ချမှတ်ပြီး နိုင်ငံရေးအကျဉ်းသား ၄၆ ဦးတွင် ၂ ဦးသာ လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုကြောင့် ၉၀ ဦးသည် အကျဉ်းထောင်ထဲမှ အမှုရင်ဆိုင်နေရပြီး အချုပ်လွတ် အမှုရင်ဆိုင်နေရသူ ၂၂၈ ကျန်ရှိနေဆဲဖြစ်ကြောင်းလည်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အကျဉ်းသား ကိုးထောင်ကျော် လွတ်ငြိမ်းချမ်းသာခွင့်တွင် ၂ ဦးသာ နိုင်ငံရေး အကျဉ်းသား ပါဝင်ခဲ့မှုအပေါ် စိတ်ပျက်မိကြောင်းနှင့် လွတ်မြောက်လာသည့် အကျဉ်းသားအများစုတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ပြစ်မှုများဖြင့် ပြစ်ဒဏ်ရင်ဆိုင်နေရသူများ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသားများ ဝင်ဆန့်မှုထက် အဆမတန် များပြားနေသည့်အချိန်တွင် ထိုသို့ လွတ်ငြိမ်းသက်သာခွင့်များပေးမှုအပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကြိုဆိုကြောင်းနှင့် အကျဉ်းကျခံနေသော အကျဉ်းသားများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုများဖြင့် အကျဉ်းကျနေသူများသည် ၅၀ ရာခိုင်နှုန်းကျော်ရှိနေခြင်းအပေါ် စိစစ်၍ ပြစ်ဒဏ်များလျှော့ပေါ့ပေးရန် တိုက်တွန်းလျက်ရှိကြောင်းလည်း AAPP ကဆိုသည်။

NLD အစိုးရသစ်တက်လာသည့် ၂၀၁၆ ခုနှစ် ဧပြီလ နှစ်သစ်ကူး ကာလမတိုင်မီကလည်း ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ဦးခန့်ကို လွှတ်ပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာခဲ့သည်။

J-08