News

POST TYPE

LATEST NEWS POST

ပေါက်တွင် လေပြင်းတိုက်၍ အိမ်ခြေ ၁၀၀ ကျော်ပျက်စီး
18-Apr-2019


ဓာတ်ပုံ - ပေါက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန

ချောက်၊ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က လေပြင်း တိုက်ခိုက်သဖြင့် ယင်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာမှ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အပါအဝင် နေအိမ်အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးကြောင်း ယင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

လေပြင်းတိုက်မှုကြောင့် ကျေးရွာ ၁၁ ရှိ လူနေအိမ် ၄ လုံးပြိုကျခြင်း၊ စာသင်ကျောင်းဝင်းရှိ ပင်မစာသင်ဆောင်နှင့် ဆရာမများနေအိမ် ၆ လုံး အမိုးလန်ပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ် ၉၉ လုံးရှိ သွပ်မိုး၊ ထရံကာများ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၁၀ ခန့် ဆုံးရှုံးကြောင်း ယင်းဌာနထံမှ သိရသည်။

ပေါက်မြို့နယ်အတွင်းရှိ လင်တောင်ကျေးရွာ၊ မျှားပိုင်ကျေးရွာ၊ ခင်အေးကျေးရွာ၊ လေးပင်အိုင့်ကျေးရွာ၊ မြေနီ(မ) ကျေးရွာ၊ ပေါက်ချောင်း (ထ) စုကျေးရွာ၊ ခင်တန်းရှည်ကျေးရွာ၊ သရက်တောကျေးရွာ၊ ဆပန်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ရွှေဘုံသာကျေးရွာ၊ ပင်လောင်ကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ရွှေဘုံသာကျေးရွာနှင့် ကျောက်မဲတောင် တောတဲတိုက်တို့တွင် အဆောက်အအုံများ အမိုးလန်နှင့် အကာများ ပျက်စီးဆုံးရှုံးခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာများသို့ ယင်းမြို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီတို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းဌာနထံမှ သိရသည်။ 

R-24