News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းရှိ အကျဉ်းထောင်များမှ ၁၆၆ ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ
17-Apr-2019


ပုသိမ်၊ ဧပြီ ၁၇

ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းမှ အပြစ်ဒဏ်ကျခံနေရသူ အမျိုးသား အမျိုးသမီး ၁၆၆ ဦးသည် မြန်မာနှစ်သစ် မင်္ဂလာအထိမ်းအမှတ်အဖြစ် ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ဧပြီလ ၁၇ ရက်နေ့ နေလယ်ပိုင်းက လွှတ်ပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ သိရသည်။

“ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ လွတ်ငြိမ်းချမ်းခွင့်ပေးတာမျိုး ဒီတစ်ခါပဲ ကြုံဘူးပါတယ်။ ဒီဥပဒေအရ စည်းကမ်းသတ်မှတ်ချက်တွေမရှိဘူး။ အပြစ်ဒဏ် မကျန်စေရ။ အပြီးအပြတ် လွှတ်ပေးတာဖြစ်တယ်”ဟု ပုသိမ်အကျဉ်းထောင်မှ ထောင်ပိုင်ကြီး ကျင်လျန်ထန်က ပြောသည်။

ပုသိမ် အကျဉ်းထောင်မှ အမျိုးသား ၇၂ ဦးနှင့် အမျိုးသမီး ၇ ဦး၊ ဟင်္သာတ အကျဉ်းထောင်မှ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြောင်းမြအကျဉ်းထောင်မှ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မအူပင် အကျဉ်းထောင်မှ အမျိုးသား ၈ ဦးနှင့် ညောင်တုန်းမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန၏ အမှတ် ၃ ဘ၀သစ်စိုက်ပျိုးရေး သင်တန်းကျောင်းမှ အမျိုးသား ၉ ဦးတို့ လွတ်ငြိမ်းသက်သာခွင့်ရရှိသွားကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန မှတ်တမ်းအရ သိရသည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် ပြည်သူနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကျဉ်းထောင်/အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား/ သူ ၉၅၃၅ ဦးကို ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ စည်းကမ်းသတ်မှတ်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်းဖြစ်ပြီး ကျန်အကျဉ်းသား/သူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျစီစစ်လျက်ရှိပြီး လွတ်ငြိမ်သက်သာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၃/ ၂၀၁၉ တွင် ဖော်ပြပါရှိသည်။

R-12