News

POST TYPE

LATEST NEWS POST

ဆင်ဖြူတော် အထည်ဆိုင်မီးလောင်မှု မီးသတ်သမားနှစ်ဦး ဆေးရုံရောက်
16-Apr-2019

မုံရွာ ဧပြီ ၁၆

မုံရွာမြို့ မြို့သစ်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆင်ဖြူတော် အထည်ဆိုင်တွင် ဧပြီ ၁၆ နံနက် ၀၀း ၂၅ အချိန် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးငြှိမ်းသတ်သည့် မီးသတ်သမားနှစ်ဦး မီးခိုးမွှန်ပြီး ဆေးရုံတွင်ဆေးကုသမှု ခံယူနေရကြောင်း ခရိုင်မီးသတ်ဌာနထံမှ သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်ခဲ့သည့် ခရိုင်မီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ဒုတပ်ကြပ် အာကာဟိန်းတို့နှစ်ဦးမှာ မီးလောင်သည့် အဆောက်အဦအတွင်း မီးခိုးမွန်းပြီး အောက်စီဂျင်ပြတ်သဖြင့် မုံရွာဆေးရုံကြီးတွင် ဆေးကုသခံနေရသည်ဟု သိရသည်။ 

“အဝတ်အထည်တွေ အောက်ထပ်မှာ လှိုက်လောင်နေတော့ မီးသတ်သမား အောက်စီဂျင်ပြတ်သွားတယ်”ဟု မီးငြှိမ်းသတ်ရာတွင်ပါဝင်သူတစ်ဦးကဆိုသည်။ 

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ ဆိုင်မန်နေဂျာ ဦးဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၂၈၅ (ပ)/ ၈၃၆ ဖြင့် အမှုဖွင့်ထားကြောင်း မုံရွာရဲစခန်းထံမှ သိရသည်။