News

POST TYPE

LATEST NEWS POST

သင်္ကြန်မဏ္ဍပ်အနီး ခိုက်ရန်ဖြစ်ပွားသူအချို့ကိုဖမ်းဆီးရာမှ WY စိတ်ကြွဆေးပြားအချို့ ဖမ်းမိ
16-Apr-2019


တောင်ငူ၊ ဧပြီ ၁၆ 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်အနီးတွင် ခိုက်ရန်ဖြစ်ပွားသူများကို ဖမ်းဆီးစဉ် အမျိုးသားတစ်ဦးထံမှ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြားအချို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“စိတ်ကြွဆေးပြား အပြားလေးဆယ် ဖမ်းမိတာပါ။ သူက သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာကပါ”ဟု တောင်ငူ မြို့မရဲစခန်းမှအရာရှိ တစ်ဦးပြောကြားသည်။

တောင်ငူမြို့နယ် ဗိုလ်မှူး ဖိုးကွန်လမ်း ကျုံးအနီး မဏ္ဍပ်ရှေ့တွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၅ ရက်နေ့ ည ၇ နာရီခန့်က ခိုက်ရန်ဖြစ်ပွားနေသူများကို တာဝန်ကျရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာမှ သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကရင်လေး ခေါ် စောအယ်ထူးဆိုသူ၏ အင်္ကျီအိတ်ကပ်တွင်းမှ WY အမှတ်တံဆိပ် မူးယစ်ဆေးဝါး အပြား ၄၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု တောင်ငူ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး စောအယ်ထူး(ခ) ကရင်လေးကို တောင်ငူ မြို့မရဲစခန်းက မယ(ပ) ၃ /၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(ဃ)အမှုဖွင့်လှစ်စစ်ဆေးနေသည်ဟု အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

R-15