News

POST TYPE

LATEST NEWS POST

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်၍ တစ်ဦးသေဆုံး
15-Apr-2019


တောင်ငူ၊ ဧပြီ ၁၅

ရန်ကုန်- မန္တလေး အမြန်လမ်းမိုင်တိုင် ၂၂၉ အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်(ဧပြီ ၁၅ ရက်)က Probox အမျိုးအစားယာဉ်တစ်စင်း ကားဘီးပေါက်ပြီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

“ဖြစ်စဉ်က မှန်ပါတယ်။ အသေးစိတ် အချက်အလက်ကို ပြောလို့မရသေးပါဘူး”ဟု ပန်းတင် အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အသက် ၃၈ နှစ်အရွယ် ယာဉ်မောင်း အပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး လိုက်ပါလာသည့်ယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေး) လမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင် ၂၂၉ အနီးသို့ ရောက်ရှိချိန် ရှေ့ဝဲဘက်ဘီးပေါက်ရာမှ လမ်းအနီး သံဇကာတန်းများကို တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိမ်းမှောက်မှုများကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများအနက် အမျိုးသားတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

R-15