News

POST TYPE

LATEST NEWS POST

ကန်ကြီးထောင့်တွင် အရက်မူးဓားကိုင်ရမ်းနေသူကို ဖမ်းဆီးသည့်ရဲတပ်ကြပ် ဓားဖြင့်ခုတ်ခံရ
15-Apr-2019

ပုသိမ်၊ ဧပြီ ၁၅

ဧရာတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၊ ပဒဲကော ကျေးရွာတွင် ဧပြီလ ၁၄ ရက်နေ့က အရက်မူးပြီးဓားကိုင် ရမ်းကားနေသူတစ်ဦးကို ဖမ်းဆီးသည့်ရဲတပ်ကြပ်တစ်ဦး ဓားခုတ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

ယင်းကျေးရွာမှ အရက်မူးပြီး ဓားကိုင်ရမ်းကားနေသူ အသက် ၂၀ နှစ်ရှိ အောင်အောင်ကျော်က ဓားဖြင့်ခုတ်လိုက်၍ ရဲတပ်ကြပ်၏ ယာဘက်လက်သူကြွယ်နှင့် ဘယ်ပုခုံးတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ရာ ကန်ကြီးထောင့်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောကြားသည်။

“သေနတ်ပစ်ဖမ်းခွင့် ရှိပေမယ့် ပစ်ပြီးမဖမ်းခဲ့ပါဘူး။ တရားခံက ထွက်ပြေးတိမ်းရှောင်နေတယ်”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ခုတ်သူကို ကန်ရွာနယ်မြေ ရဲစခန်းက ရာဇသတ်ပုဒ်မ ၃၂၆/ ၃၃၃ ဖြင့် အမှုရေးဖွင့်ကာ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

R-12