News

POST TYPE

LATEST NEWS POST

သင်္ကြန်ရေကစားသည့် သမီးကို ဖခင်က ရိုက်နှက်ဆုံးမရာမှ သေဆုံး
15-Apr-2019

တောင်ငူ၊ ဧပြီ ၁၅

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ သရက်ချဉ်ကုန်းကျေးရွာတွင် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်) ညနေ ၅ နာရီခန့်က အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို သင်္ကြန် ရေကစားသည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်က ရိုက်နှက်ဆုံးမရာမှ သေဆုံးခဲ့ကြောင်း အုတ်တွင်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“သမီးကို သင်္ကြန်ရေမပက်ဖို့ မှာထားတာကို မလိုက်နာဘူးဆိုပြီး ဝါးတုတ်နဲ့ ရိုက်နှက်ခဲ့တာပါ။ ကနဦး ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခဲ့ရာကနေ လူသေဆုံးသွားလို့ လူသတ်မှု ပြောင်းဖွင့်ထားတယ်”ဟု အုတ်တွင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ယင်းနေ့ နံနက်ပိုင်းက အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို သင်္ကြန်ရေမကစားရန် ပြောဆိုမှာကြားခဲ့သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ညနေတွင် အသက် ၃၃ နှစ်အရွယ် ဖခင်ဦးထွန်းနိုင်က ဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခဲ့ရာ ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ငူဆေးရုံကြီးမှတစ်ဆင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ပြောင်းလဲကုသခဲ့သော်လည်း ရရှိသောဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“တောင်ငူဆေးရုံကနေ နေပြည်တော် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်။ အခင်းဖြစ်တဲ့ညပိုင်းမှာ သေဆုံးသွားလို့ အလောင်းကို အုတ်တွင်းဆေးရုံ ပြန်ပို့ပေးခဲ့ရပါတယ်။ ကလေးက ရေကစားတာကို ဖခင်ကဆုံးမရာက လက်လွန်သွားပုံရတယ်” ဟု အုတ်တွင်း ရင်ခုန်သံ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူကို အုတ်တွင်းမြို့မရဲစခန်းက (ပ) ၁၄၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄ မှ လူသတ်မှုပုဒ်မ ၃၀၂ အရ ပြောင်းလဲအမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15