News

POST TYPE

LATEST NEWS POST

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တရားမဝင် ကုန်သွယ်မှု ကျပ်သန်း ခုနစ်ထောင်ကျော် တားဆီးနိုင်
26-Mar-2019
လားရှိုး၊ မတ် ၂၆

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ခုနစ်လတာ ကာလအတွင်း ကျပ်သန်းပေါင်း ၇၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင် ကုန်သွယ်မှုများကို တားဆီးနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

တရားမဝင် ကုန်သွယ်မှုပေါင်း ၇၄ မှုဖြစ်ပြီး တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့ တင်သွင်းလာသည့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ယာဉ် အပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ လူသုံးပစ္စည်းများ၊ အဝတ်အထည်များ၊ တယ်လီဖုန်းများ၊ ဖုန်းအပိုပစ္စည်းများ၊ သစ်သီးများနှင့် ပိုသတ်ဆေးများဖြစ်ပြီး မြန်မာနိုင်ငံမှ တမလန်းသစ် အပါအဝင် သစ်များ၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် သစ်တောထွက် ပစ္စည်းများ၊ မီးသွေးနှင့် စပါးများဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ရဲဝင်းက ပြောဆိုသည်။

အဆိုပါ အကောက်ခွန်မဲ့ တရားမဝင် တင်သွင်းလာသည့် ပစ္စည်းများ၊ စားသောက်ကုန်များကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုဇုန်ကို ရှောင်ကွင်းကာ မြန်မာပြည်အတွင်းသို့ သယ်ဆောင်ခဲ့ပြီးနောက် မူဆယ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအရပ်ရပ်သို့ တောလမ်းဖြင့်သယ်ယူခြင်း၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များတွင် သိုဝှက်တင်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်ငယ်များဖြင့် သယ်ယူခြင်းစသည်တို့ဖြစ်ပြီး မြန်မာနိုင်ငံဖက်မှလည်း သစ်တင်ပို့မှုများကို ခရီးသည်ပို့ဆောင်ရေး ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုဇုန်ကို ရှောင်ကွင်းကာ တောလမ်းဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံဖက်မှ အာလူးတင်သွင်းမှုကို မြန်မာဖက်အခြမ်းမှ တားဆီးခဲ့သော်လည်း တရုတ်နိုင်ငံဖက်အခြမ်းမှ အာလူးကို မြန်မာပြည်တွင်းသို့ တစ်ပိုင်တစ်နိုင် မူဆယ်မြို့သို့ သယ်ယူကာ မြန်မာပြည် အရပ်ရပ်သို့ ပြန်လည်တင်ပို့သည့် တရားမဝင် ကုန်သွယ်မှုများရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

R-07