News

POST TYPE

LATEST NEWS POST

အကျဉ်းကျကျောင်းသားလေးဦးကို ထောင်ဝန်ထမ်းများက ဝိုင်းရိုက်နှက်ဟု ထောင်ဝင်စာ သွားတွေ့သူများဆို
26-Mar-2019

မန္တလေး၊ မတ် ၂၅

ငြိမ်းစုစီပုဒ်မဖြင့် အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရတနာပုံ တက္ကသိုလ် ဗကသကျောင်းသားလေးဦး သီချင်းသီဆိုခြင်းကို တားမြစ်ရာမှ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်းနှစ်ဆယ်ကျော်ခန့်က ဝိုင်းဝန်းရိုက်နှက်သည့်အတွက် ကျောင်းသားများ ဒဏ်ရာများ ရရှိထားကြောင်း ထောင်ဝင်စာသွားတွေ့သည့် ဆွေမျိုးများနှင့် ကျောင်းသားကျောင်းသူများက ပြောကြားသည်။

မတ်လ ၂၄ ရက်နေ့ည ဆယ်နာရီ ခန့်အချိန်တွင် ကျောင်းသားများက သီချင်းနားထောင်ခြင်း၊ သီချင်းဆိုခြင်းများ ပြုလုပ်နေမှုကြောင့် လာရောက်တားမြစ်ရာတွင် တစ်ဦးတည်းကိုသာ ခေါ်ထုတ်သည်ကို ကျောင်းသားများက လက်မခံဘဲ အားလုံးလိုက်မည်ဟု ပြောဆိုရာမှ စကားများကြခြင်းဖြစ်ကြောင်း ထောင်ဝင်စာသွားတွေ့ခဲ့သည့် ကျောင်းသူတစ်ဦး က ပြောကြားသည်။

“လာခေါ်တဲ့အချိန်မှာ မိုက်တာလားလို့မေးတယ်လို့ ပြောတယ်။ ပြီးတော့ ကိုဘုန်းမြင့်ကျော် တစ်ယောက်တည်းကိုပဲ ထောင်ပိုင်ကြီးက ခေါ်နေတယ်ဆိုပြီး ပြောတော့ ကျန်တဲ့ သုံးယောက်က တစ်ယောက်တည်းဆိုရင်တော့ အဆင်မပြေဘူး။ အားလုံးလိုက်ခဲ့မယ်ဆိုပြီး ပြောတဲ့အချိန်မှာ ထောင်ဝန်ထမ်းတွေကလည်း မူးနေကြတော့ ပြသနာဖြစ်တယ်လို့ ပြောပါတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါကျောင်းသူက ရှင်းပြသည်။

ပြသနာဖြစ်ရာတွင် ကျောင်းသားလေးဦးကို ဦးခေါင်းကို နံရံဖြင့် တိုက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု သိရကြောင်း၊ ထောင်ဝင်စာသွားတွေ့ချိန်တွင် ၎င်းတို့၏မျက်နှာများ ရောင်ရမ်းနေခြင်း၊ ကျောတွင်ရိုက်နှက်ထားသည့် ညိုမည်းရာများ၊ ဦးခေါင်းနောက်စေ့တွင် ရောင်ယမ်းနေခြင်း၊ လက်တွင် ပေါက်ပြဲနေခြင်းတို့ကို တွေ့ရကြောင်း ယင်းကျောင်းသူက ဆိုသည်။

“ကျွန်တော်တို့ ထောင်ဝင်စာ သွားတွေ့တဲ့အချိန်မှာ ဒီလိုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး တစ်ခုခု ဆောင်ရွက်ပေးဖို့ သွားပြောတော့ ထောင်ပိုင်တွေကတော့ စစ်ဆေးအရေးယူပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။ အေးအေးဆေးဆေးတော့ တွေ့ခွင့်ရပါတယ်” ဟု ထောင်ဝင်စာ သွားတွေ့သည့် ဗကသကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲမျိုးဆွေက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အိုးဘိုအကျဉ်ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းကို ဆက်သွယ်မေးမြန်းရာ ယင်းသို့ ဖြစ်စဉ်မျိုး မရှိကြောင်း၊ ညအချိန်တွင် သီချင်းသီဆိုနေသည့်အတွက် ကျောင်းသားများကို ခေါ်ယူဆုံးမခဲ့ခြင်းသာဖြစ်ကြောင်း၊ ရိုက်နှက်ခြင်းမရှိခဲ့ကြောင်း ပြောဆိုသည်။

“ဘာမှမဟုတ်ပါဘူး။ ညက ကျွန်တော်နဲ့ တွေ့ချင်တယ်ဆိုလို့ ခေါ်ပြီးတော့ သူတို့ကိုတွေ့တာပါ။ လူမှုကွန်ရက်မှာ တွေ့ပါတယ်။ ရမ်းသမ်းပြီးတော့ လျှောက်လုပ်ကြတာပါ။ ကိုးနာရီကျော် ဆယ်နာရီလောက်မှာ သူတို့ သီချင်းတွေဆို ဆူညံနေကြလို့ ဝန်ထမ်းလေးတွေက ကိုးနာရီကျော်ပြီဆိုတော့ အိပ်ချိန်ပေးတာပေါ့ အဲ့ဒါကို မအိပ်ဘူး။ အဲ့ဒါနဲ့ သတင်းပို့လာလို့ ခေါ်ပြီး မေးရတာပေါ့။ ပြီးတော့ ပြောဆို ဆုံးမလိုက်ရုံပါပဲ။ ဒါပါပဲ” ဟု ၎င်းက ရှင်းပြသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်းသားခုနစ်ဦးသည် တက္ကသိုလ်လုံခြုံရေး၊ သန့်ရှင်းရေး၊ အိမ်သာများ ပြုပြင်ပေးရေးကိစ္စတို့အတွက် ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုခံရပြီး အမရပူရမြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထောင်ဒဏ်သုံးလစီချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုမှသုံးဦးမှာ ပြီးခဲ့သည့် ၂၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ တစ်ပတ်ခန့် နောက်ကျပြီးမှ ဖမ်းဆီးခံရသူလေးဦးမှာ အကျဉ်းထောင်တွင် ကျန်နေခြင်းဖြစ်သည်။ 

M-04