News

POST TYPE

LATEST NEWS POST

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား ဖယ်ရှားရန် ဝန်ကြီးများက ကြိုးစားနေ
25-Mar-2019



လန်ဒန်၊ မတ် ၂၄

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ ထိပ်တန်းဝန်ကြီးများသည် သူမအား ရက်ပိုင်းအတွင်း ဖယ်ရှားရန် ကြိုးစားနေကြသည်ဟု Sunday Times သတင်းစာက ရေးသားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အကယ်၍ ထရီဇာမေ ဖယ်ရှားခံရပါက ဘရိတ်ဇစ်သည် မရေမရာဖြစ်သွားမည်ဖြစ်သည်။ အီးယူမှ ဗြိတိန်မည်သည့် အချိန်တွင် မည်သို့နုတ်ထွက်မည် သို့မဟုတ် နုတ်ထွက်ဖြစ်မည် စသည်တို့မှာ ရှင်းလင်းတိကျခြင်း မရှိသေးပေ။

အီးယူတွင် ဆက်နေရန် မဲပေးခဲ့သူ ထရီဇာမေသည် ၂၀၁၆ ဆန္ဒခံယူပွဲအပြီးတွင် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ပြီး ဘရိတ်ဇစ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်။

သို့ရာတွင် နိုဝင်ဘာလက အီးယူနှင့် သူမ အကြိတ်အနယ် ညှိနှိုင်းခဲ့ရသော ဘရိတ်ဇစ်စာချုပ်မူကြမ်းသည် ဗြိတိန်အမတ်များ၏ နှစ်ကြိမ်တိုင် ပယ်ချခြင်းကို ခံခဲ့ရသည်။

အမည်မစိစစ်ရသေးသော ဝန်ကြီး ၁၁ ဦးက ထရီဇာမေ နုတ်ထွက်သင့်ပြီ ဆိုသောအချက်ကို သဘောတူခဲ့ကြပြီး သူမသည် ပရမ်းပတာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် ညံ့ဖျင်းသော ခေါင်းဆောင်တစ်ဦး ဖြစ်လာနေသည်ဟု သတိပေးခဲ့ကြကြောင်း Sunday Times သတင်းစာက ရေးသားထားသည်။

ထရီဇာမေ အဆုံးသတ်ရန် နီးစပ်နေပြီဖြစ်ကြောင်းနှင့် ဆယ်ရက်အတွင်း သူမ နုတ်ထွက်ရတော့မည်ဖြစ်ကြောင်း Sunday Times က အမည်မဖော်သောဝန်ကြီး တစ်ဦးကို ကိုးကားရေးသားသည်။

ထရီဇာမေ၏ လက်ထောက် ဒေးဗစ် လစ်ဒင်တန်သည် ယာယီဝန်ကြီးချုပ် ဖြစ်နိုင်သူတစ်ဦးဖြစ်ပြီး ပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုက်ကယ်ဂုဖ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်တို့သည်လည်း ဖြစ်နိုင်ခြေရှိသည်ဟု Sunday Times က ဆိုသည်။

ဝန်ကြီးအဖွဲ့သည် တနင်္လာနေ့တွင် ထရီဇာမေနှင့် ထိပ်တိုက်တွေ့ကြပြီဖြစ်ပြီး သူမက နုတ်ထွက်ရန် ငြင်းဆန်နေပါက ဝန်ကြီးများက ဝိုင်းဝန်းဖိအားပေးကြမည်ဟု Sunday Times က ရေးသားဖော်ပြထားသည်။

ယာယီဝန်ကြီးချုပ် ဖြစ်နိုင်ခြေ ရှိသူတစ်ဦးဖြစ်သည့် လစ်ဒင်တန်သည် အီးယူလိုလားလွန်းသူဖြစ်သည်ဟု ယုံကြည်ရသူ အမတ်များထဲတွင် မိုက်ကယ်ဂုဖ် ပါဝင်နေသည်။ 

သို့ရာတွင် မိုက်ကယ်ဂုဖ်သည် အီးယူမှခွဲထွက်ရေးကို ထောက်ခံသူဖြစ်သည်ဆိုသော အချက်ကို ဥရောပဇုန် ဆန့်ကျင် ရေးအုပ်စုက သံသယရှိကြသည်။

“မိုက်ကယ်ဂုဖ်က အကောက်ခွန် ဥပဒေ ပေါင်းစည်းထားတဲ့ တစ်ခုတည်းသော ဈေးကွက်ဖြစ်လာအောင် လေဘာပါတီမဲတွေနဲ့ လှုပ်ရှားလိမ့်မယ်။ ဒါဆိုရင် ပြဿနာတွေ ရှိလာနိုင်တယ်”ဟု ERG သုတေသနအုပ်စုမှ စတိဗ်ဘေကာက မှတ်ချက်ပေးသည်။

အီးယူအတွင်း ဆက်နေရေး မဲပေးခဲ့သူ ပညာရေးဝန်ကြီးဟောင်း နစ်ကီ မော်ဂန်သည်လည်း မေ၏နေရာကို ဆက်ခံနိုင်ခြေရှိသူအဖြစ် ရေပန်းစားသူတစ်ဦး ဖြစ်သည်ဟု Sunday Times သတင်းစာက သုံးသပ်ထားသည်။

ထရီဇာမေ၏ရုံးက အဆိုပါသတင်းကို မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။ အစောပိုင်းကမူ ဝန်ကြီးချုပ်ထရီဇာမေ နုတ်ထွက်ရေးနှင့်ပတ်သက်၍ ရေးသားနေမှုများသည် မှန်ကန်ခြင်းမရှိကြောင်း ဒေါင်းနင်းလမ်းရုံးမှ အမည်မဖော်လိုသူ တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘရိတ်ဇစ် သတ်မှတ်ရက်သည် မူလက မတ်လ ၂၉ ရက် ဖြစ်ပြီး မေလ ၂၂ ရက်သို့ ရွှေ့ဆိုင်းရန် ထရီဇာမေက အီးယူနှင့် ကြာသပတေးနေ့က သဘောတူညီမှု ရရှိခဲ့သည်။ ပါလီမန်က ထရီဇာမေကို ထောက်ခံလျှင် မေလ ၂၂ ရက် နုတ်ထွက်မှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ပါလီမန်က သူမကို မထောက်ခံပါက စာချုပ်မပါဘဲ နုတ်ထွက်ရေးကို ဆုံးဖြတ်ရန် ဧပြီ ၁၂ ရက်အထိ အချိန်ရမည်ဖြစ်သည်။ 

F-04