News

POST TYPE

LATEST NEWS POST

မာလီတွင် ရွာသား ၁၀၀ ကျော်ကို သေနတ်သမားများက သတ်ဖြတ်
25-Mar-2019



ဘာမာကို၊ မတ် ၂၄

မာလီနိုင်ငံ အလယ်ပိုင်း ကျေးရွာတစ်ရွာတွင် ရိုးရာဒိုဂွန် အမဲလိုက်ဝတ်စုံ ဝတ်ဆင်ထားသော သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ကာ လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်သွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မာလီအလယ်ပိုင်း မော့ပ်တီဒေသရှိ အိုဂိုဆာဂိုကျေးရွာတွင် သေနတ်သမားများက နေအိမ်များအတွင်းရှိ လူများကို ပစ်ခတ်တိုက်ခိုက်ခြင်း မပြုမီ ရွာကို ဦးစွာ ဝိုင်းရံထားခဲ့သည်ဟု နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စနေနေ့က တိုက်ခိုက်မှုသည် ဖူလာနီမျိုးနွယ် အသိုင်းအဝိုင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးများသည် လောလောဆယ်တွင် မာလီနိုင်ငံသို့ ရောက်ရှိနေကြပြီး လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဂျီဟတ်အကြမ်းဖက်မှုများ မြင့်တက်လာသည့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေကြသည်။

စနေနေ့က ဘေးသင့်ခဲ့သူများသည် သေနတ်များ၊ ဓားများဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်ဟု အနီးအနားရှိ ကွင်ကိုရိုကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မာလီနိုင်ငံတွင် ကျွဲအုပ်၊ နွားအုပ်များဖြင့် စားကျက်မြေများသို့ ရွှေ့ပြောင်းနေ ထိုင်လေ့ရှိသူ ဖူလာနီလူမျိုးစုများနှင့် ဒိုဂွန် အမဲလိုက်မုဆိုးများအကြား မြေနှင့်ရေ ပိုင်ဆိုင်မှုအရေးနှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။

ဒိုဂွန်တို့က ဖူလာနီများသည် ဂျီဟတ်အုပ်စုများနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကြပြီး ဖူလာနီများကလည်း မာလီစစ်တပ်က ဒိုဂွန်တို့ကို လက်နက်တပ်ဆင်ပေးထားသည်ဟု ပြန်လှန်စွပ်စွဲကြသည်။

ယခင်နှစ်ကလည်း ဒိုဂွန်နှင့် ဖူလာနီ အသိုင်းအဝိုင်းများအကြား ပဋိပက္ခများကြောင့် လူပေါင်း ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြသည်။

သောကြာနေ့ကပင် မာလီအခြေစိုက် အယ်လ်ကေဒါအုပ်စုခွဲက အစိုးရ စစ်စခန်းတစ်ခုကို ယခင်အပတ်က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော် သေဆုံးသွားသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့တိုက်ခိုက်မှုသည် ဖူလာနီ ကျွဲ၊ နွားမွေးသူများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု အယ်လ်ကေဒါအုပ်စုခွဲက ပြောကြားထားသည်။

F-04