News

POST TYPE

LATEST NEWS POST

အသေးစားဓာတ်အားစနစ် တပ်ဆင်ခြင်းအတွက် ပြင်သစ်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်
24-Mar-2019

ရန်ကုန်၊ မတ် ၂၄

Mandalay Yoma Energy ကုမ္ပဏီနှင့် ပြင်သစ်အခြေစိုက် Engie ကုမ္ပဏီတို့အကြား အသေးစားဓာတ်အား စနစ်တပ်ဆင်ခြင်းအတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို မတ်လဒုတိယအပတ်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင်ပြုလုပ်ခဲ့ကြောင်း အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP) ထံမှ သိရသည်။

Mandalay Yoma Energy ကုမ္ပဏီသည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) အစီအစဉ်အရ အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းလုပ်ငန်းများကို ယခင်ထက် အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် ပြင်သစ်အခြေစိုက် Engie ကုမ္ပဏီနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။

လက်မှတ်ရေးထိုးပွဲသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်သစ်သံရုံးနှင့် နှစ်ဖက်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ကို ၂၀၁၆ မှ ၂၀၂၁ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း လျှပ်စစ်မီးမရရှိသည့် မဟာဓာတ်အားလိုင်းပြင်ပမှ ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စိုက်ဝင်ငွေ ၆ဝ ရာခိုင်နှုန်း၊ ကုမ္ပဏီနှင့် ပြည်သူထည့်ဝင်ငွေ ၂ဝ ရာခိုင်နှုန်းစီဖြင့် လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

J-11