News

POST TYPE

LATEST NEWS POST

တရုတ်တွင် ဓာတုစက်ရုံပေါက်ကွဲပြီး ၆၂ ဦးသေဆုံး၊ စုံစမ်းစစ်ဆေးရန် ရှီကျင့်ဖျင်ညွှန်ကြား
24-Mar-2019



ယန်ချင်း၊ မတ် ၂၃

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ပိုးသတ်ဆေးစက်ရုံပေါက်ကွဲမှုကြောင့် ၆၂ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ပြင်းထန်စွာ ဒဏ်ရာရကာ ၂၈ ဦး ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ထုတ်ပြန်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကျန်စုပြည်နယ် ယန်ချင်းမြို့ရှိ ချင်ကျားကန်စက်မှုဇုန်တွင် ကြာသပတေးနေ့က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သောကြာနေ့ နံနက် ၃းဝ၀ နာရီတွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။

အသက်ရှင်သူများကို ဆေးရုံ ၁၆ ခုသို့ ဖြန့်ကြက်ပို့ဆောင်ထားရပြီး ဒဏ်ရာ များကို ကုသနေသူ လူပေါင်း ၆၄၀ ခန့်ရှိသည်။

တန်ကျားယီ ဓာတုကုမ္ပဏီပိုင် စက်ရုံမှ ပေါက်ကွဲမီးလောင်မှုသည် အနီး အနားရှိ အခြားစက်ရုံများသို့ ကူးစက်သွားခဲ့ပြီး အနီးရှိ မူလတန်းကျောင်းမှ ကလေးများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

ပေါက်ကွဲမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ဓာတု ဒြပ်ပေါင်း အမျိုးပေါင်း ၃၀ ကျော် ထုတ်လုပ်နေသော တန်ကျားယီကုမ္ပဏီသည် ယခင်ကလည်း လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးစည်းကမ်းများ ချိုးဖောက်မှုကြောင့် ဒဏ်ကြေးချမှတ်ခံခဲ့ရဖူးသည်ဟု China Daily  သတင်းစာက ဖော်ပြထားသည်။

ပေါက်ကွဲမှုအရှိန်ကြောင့် တစ်မိုင်ကျော် အကွာရှိ ဝမ်ရှန်ကျေးရွာရှိ နေအိမ်မှန်ပြတင်းများ ကွဲအက်ကုန်ပြီး ရွာသားများက ငလျင်လှုပ်သည်ဟု ထင်ခဲ့ကြကြောင်း သိရှိရသည်။ ထိုရွာသည် စက်မှုဇုန် တည်ဆောက်မှုကြောင့် နေရာရွှေ့ပေးလိုက် ရသောရွာဖြစ်သည်။

“ပေါက်ကွဲသံအကျယ်ကြီး ကြား လိုက်ရပြီး ခပ်အုပ်အုပ်အသံက နောက်ကပါလာတယ်။ ရွာထဲက မှန်ပြတင်းတွေ ကွဲကုန်တယ်။ ကျွန်တော်တို့ သွားကြည့်တော့ နေရာတကာ သွေးတွေချည်းပဲ။ သေတဲ့လူတွေလည်း ကြေမွနေတယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ရွာသားတစ်ဦးက ပြောကြားသည်။

ရွာထဲတွင် မှန်ပြတင်းများကွဲကာ အဆောက်အအုံအချို့ ပျက်စီးသွားသော်လည်း ရွာသားများမှာ မျက်နှာစည်း ဝတ်ဆင်ထားကြခြင်း မရှိသကဲ့သို့ ထိုသို့ အကာအကွယ်ယူရန် ညွှန်ကြားထားခြင်းလည်းမရှိဟု သိရှိရသည်။

အီတလီသို့ ရောက်နေသော သမ္မတ ရှီကျင့်ဖျင်က ထိခိုက်ဒဏ်ရာရသူများကို အထူးဂရုစိုက်ရန်၊ လူမှုတည်ငြိမ်ရေးကို သေချာထိန်းသိမ်းကြရန်နှင့် ပေါက်ကွဲမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားသည်ဟု နိုင်ငံပိုင်ရုပ်သံက ဆိုသည်။

အခင်းဖြစ်နယ်မြေတွင် အဖွဲ့ဝင် ၁၂၆ ဦးပါသော စုံစမ်းရေးအဖွဲ့က ရေ နမူနာများကို ရယူစစ်ဆေးခဲ့ရာ တစ်နေရာတွင် nitrobenzene ပါဝင်မှုနှုန်းသည် သတ်မှတ်စံနှုန်းထက် ကျော်လွန်နေသည်ဟု ကျန်စုပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ထုတ်ပြန်သည်။ အခြားတစ်နေရာတွင်လည်း အန္တရာယ်ရှိသော ဓာတုဒြပ်ပေါင်းများပါဝင်မှုသည် သတ်မှတ်စံနှုန်းထက် ၁၅ ဆခန့် ကျော်နေကြောင်း တွေ့ရှိထားသည်။

ကျန်စုပြည်နယ်အတွင်း ဓာတုစက်ရုံများနှင့် ကုန်လှောင်ရုံများကို ရှောင်တခင် စစ်ဆေးမှုပြုလုပ်တော့မည်ဟု သောကြာနေ့က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံတွင် သတ္တုတွင်း မတော်တဆမှုများနှင့် စက်ရုံမီးလောင်မှုများ အပါအဝင် လုပ်ငန်းခွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ဘေးကင်းလုံခြုံရေးစည်းကမ်းများ မလိုက်နာမှုနှင့် ပတ်သက်ပြီး လူထု၏ အမျက်ဒေါသ ပိုမို ကြီးထွားလာလျက်ရှိသည်။

F-04