News

POST TYPE

LATEST NEWS POST

သပိတ်ကျင်းတွင် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးအဓမ္မကျင့်ခံရ၍ သေဆုံး
23-Mar-2019

မန္တလေး၊ မတ် ၂၃

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး ၆ ရက်အကြာတွင် သေဆုံးလျက်ပြန်တွေ့ရာတွင် သားမယားပြုကျင့်ခံရကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါမိန်းကလေးမှာ မတ်လ ၁၅ ရက်နေ့က ပျောက်ဆုံးခဲ့၍ မိသားစုများက မတ်လ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည့်အတွက် ရှာဖွေခဲ့ရာ ကြံခင်းတစ်ခု၌ သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ခြင်းကို သွားကိုက်ဒဏ်ရာများရရှိထားသူ အသက် ၂၅ နှစ်အရွယ် မြင့်သူအောင်ကို ခေါ်ယူစစ်ဆေးခဲ့ရာ ယင်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့စဉ်က မိန်းကလေးအကိုက်ခံခဲ့ရသည့်အတွက် လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်ဟု သပိတ်ကျင်းမြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ မြင့်သူအောင်သည် လယ်အလုပ်များလုပ်ကိုင်ပြီး ပြန်လာစဉ် ကြံခင်းတစ်ခုအနီးတွင် အမျိုးသမီးငယ်ကိုတွေ့၍ အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် မအော်ဟစ်နိုင်စေရန် ပါးစပ်ကို ပိတ်ထားခဲ့ရာမှ ကိုက်ခံရခြင်းဖြစ်ကြောင်း၊ ပါးစပ်ကို ဆက်လက်ပိတ်ထားခဲ့ရာတွင် အမျိုးသမီးငယ်မှာ သေဆုံးသွားခဲ့သည့်အတွက် သက်ကယ်ရွက်များဖြင့် ဖုံးအုပ်ကာပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ထွက်ဆိုချက်ကိုဖော်ပြထားသည့် ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် တကောင်းနယ်မြေရဲစခန်းတွင် မတ်လ ၂၁ ရက်နေ့က လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကာ ချုပ်ရက် ရီမန်ဖြင့် စစ်ဆေးရင်းထပ်မံပေါက်ပေါက်ချက်များအရ မတ်လ ၂၂ ရက်နေ့တွင် သားမယားပြုကျင့်မှုပုဒ်မ ၃၇၆ နှင့် လူခိုးမှု ပုဒ်မ ၃၆၃ တို့ဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

M-04