News

POST TYPE

LATEST NEWS POST

စည်ပင်ရွေးကောက်ပွဲတွင် ဝင်ပြိုင်စရာမလိုဘဲ ကိုယ်စားလှယ်ဖြစ်သူ ၁၃ ဦးရှိ
21-Mar-2019

ရန်ကုန်၊ မတ်၂၁

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်စရာမလိုဘဲ ကိုယ်စားလှယ်ဖြစ်သွားသူ ၁၃ ဦးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

ကိုယ်စားလှယ်ဖြစ်သွားသူ ၁၃ ဦးမှာ ၎င်းတို့ယှဉ်ပြိုင်သည့်မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ဘက်ကိုယ်စားလှယ်မရှိသောကြောင့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရဖြစ်ကြောင်း၊ မြို့နယ် ဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်သူ နှစ်ဦး၊ မြို့နယ်အဖွဲ့ဝင် - ၁ နေရာအတွက် ယှဉ်ပြိုင်သူလေးဦး၊ မြို့နယ်အဖွဲ့ဝင် - ၂ နေရာအတွက် ယှဉ်ပြိုင်သူ ခုနစ်ဦးဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“သူတို့ ၁၃ ဦးကမပြိုင်ဘဲနဲ့ ကိုယ်စားလှယ်ဖြစ်သွားပါပြီ။ မဲပုံးလဲမထောင်ပါဘူး။ မဲလက်မှတ်မှာလည်း ထည့်မရိုက်ထားဘူး။ ကျွန်တော်တို့ စာရင်းမှတ်ထားပါတယ်။ မဲစာရင်းကြေညာတဲ့နေ့မှာ ထည့်ပြီးကြေညာပေးပါမယ်”ဟု ဦးအောင်ခိုင်က ထပ်မံပြောဆိုသည်။

မြို့နယ်ဥက္ကဋ္ဌနေရာများအနက် လသာမြို့နယ်စည်ပင်ဥက္ကဋ္ဌနေရာအတွက် ဦးစိုးအောင် (NLD)၊ အလုံမြို့နယ် ဥက္ကဋ္ဌနေရာအတွက် ဦးစန်းလွင် (NLD) တို့မှာ ပြိုင်ဘက်မရှိဘဲ ဥက္ကဋ္ဌရာထူး ရရှိသွားပြီဖြစ်ကာ မြို့နယ်အဖွဲ့ဝင် - ၁ နေရာအတွက် သင်္ဃန်းကျွန်းမြို့နယ်မှ ဦးကြည်ဝင်း (NLD)၊ ဒဂုံမြို့နယ်မှ ဒေါ်မေမြင့်သူ (တစ်သီးပုဂ္ဂလ)၊ ကြည့်မြင်တိုင်မြို့နယ်မှ ဦးထွန်းညွန့် (တစ်သီးပုဂ္ဂလ)၊ မရမ်းကုန်မြို့နယ်မှ ဦးကျော်ဇော်လင်း (တစ်သီးပုဂ္ဂလ) တို့ဖြစ်သည်။

မြို့နယ်အဖွဲ့ဝင် - ၂ နေရာအတွက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ဦးဇော်တင်(တစ်သီးပုဂ္ဂလ)၊ လသာမြို့နယ်မှ ဒေါ်ချိုချိုဝင်း (NLD)၊ ရန်ကင်းမြို့နယ်မှ ဦးတင်ထွန်း (တစ်သီးပုဂ္ဂလ)၊ ဗဟန်းမြို့နယ်မှ ဦးကျော်ဆန်းဦး (တစ်သီးပုဂ္ဂလ)၊ ကြည့်မြင်တိုင်မြို့နယ်မှ ဦးလှမျိုးထွန်း (ခ) ဖြူလေး (တစ်သီးပုဂ္ဂလ)၊ ကျောက်တံတားမြို့နယ်မှ ဦးကိုကိုနိုင် (တစ်သီးပုဂ္ဂလ)၊ ပုဇွန်တောင်မြို့နယ်မှ ဦးညီညီအောင် (NLD) တို့သည် ကိုယ်စားလှယ်များဖြစ်သွားကြပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။

မတ်လ ၃၁ ရက်နေ့တွင်ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲ၌ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံရမည့်သူ အပါအဝင် မြို့တော်ကော်မတီဝင်နေရာအတွက် ခြောက်ဦး၊ မြို့နယ်အဆင့်အတွက် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ၃၃ မြို့နယ်မှ တစ်မြို့နယ်လျှင် မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် - ၁ နှင့် မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် - ၂ အတွက် ကိုယ်စားလှယ်ပေါင်း ၉၉ ဦး စုစုပေါင်း ၁၀၅ ဦးအတွက် ရွေးချယ်ပေးမည်ဖြစ်သည်။

J-10