News

POST TYPE

LATEST NEWS POST

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံကြောင်း ဆိုင်းဘုတ်ထောင်ခွင့်မပြု
21-Mar-2019


ဓာတ်​ပုံ- ​ရေနံ​ချောင်းသတင်းအဖွဲ့

မကွေး၊ မတ် ၂၁

ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံတွင်စိုက်ထူထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြောင်း ဆိုင်းဘုတ်ကို မကွေးတိုင်းအစိုးရအဖွဲ့က ခွင့်မပြုသဖြင့် ဖယ်ရှားခဲ့ရကြောင်း ရေနံချောင်းမြို့ခံများထံမှ သိရှိရသည်။

အလျား ၁၉ ပေ၊ အနံ ၈ ပေရှိ အဆိုပါဆိုင်းဘုတ်စိုက်ထူခွင့်အတွက် ဖေဖော်ဝါရီ ၂၂ ရက်က တရားဝင်စာတင်ခဲ့ပြီး မတ် ၁ ရက်က ဗိုလ်ချုပ်ပန်းခြံရှေ့တွင် စိုက်ထူခဲ့သော်လည်း တိုင်းအစိုးရအဖွဲ့က ခွင့်မပြုသဖြင့် မတ် ၁၇ ရက်က ဖြုတ်ခဲ့ရကြောင်း ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်မှ ဦးမောင်မောင်က ပြောသည်။

“ဗိုလ်ချုပ်ပန်းခြံမှာ ဆိုင်းဘုတ်စိုက်ထူဖို့ ကျသမျှအခွန်အခပေးပါ့မယ်ဆိုပြီး စာတင်ခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ ပြည်သူတွေအနေနဲ့ထောက်ခံပြီး ဆန္ဒတူသူတွေစုလုပ်ကြတာ။ အစိုးရအဖွဲ့က ခွင့်မပြုဘူးဆိုပြီး အကြောင်းပြန်လာလို့ ဖြုတ်ပေးလိုက်တယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူထားခြင်းမှာ အများနှင့်သက်ဆိုင်သည့် ပန်းခြံနေရာတွင်ဖြစ်နေပြီး နိုင်ငံရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများပါနေသည့်အတွက် တိုင်းအစိုးရက ဖြုတ်ချရန်ညွှန်ကြားခဲ့ကြောင်း အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် ဦးဆောင်သူတစ်ဦးက ပြောပြသည်။

“ကျွန်တော်တို့ကလည်း သူတို့တင်ပြတာကို အဆင့်ဆင့် တင်ပြပေးပါတယ်။ အစိုးရအဖွဲ့က ခွင့်မပြုဘူးဆိုလို့ သူတို့ကို ပြောရတာပါ။ အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ရတာပါ”ဟု ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းသော ပူးပေါင်းကော်မတီအဖွဲ့အား ထောက်ခံပါသည် စာသားများပါဝင်သည့် ဆိုင်းဘုတ်ကို နောက်ခံထားကာ ဖေဖော်ရီ ၂၈ ရက်က ရေနံချောင်းမြို့နယ်မှ ဒေသခံများပူးပေါင်းကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ဆန္ဒထုတ်ဖော်ပြီးနောက် မတ်လ ၁ ရက်တွင် ဆိုင်းဘုတ်စိုက်ထူပြီး မတ်လ ၅ ရက်က ကျင်းပသည့် တိုင်းအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုင်းဘုတ်စိုက်ထူထားခြင်းကို ခွင့်မပြုသဖြင့် ပြန်လည်ဖြုတ်ပေးရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

R-23