News

POST TYPE

LATEST NEWS POST

ကျပ်သိန်း ၁၃၀ ပါ သံသေတ္တာခိုးယူသူကို ၂၄ နာရီအတွင်း ဖမ်းမိ
19-Mar-2019

ချောက်၊ မတ် ၁၉

မကွေးတိုင်း၊ မြို့သစ်မြို့၊ ရွှေလရောင် ကွက်သစ်ရပ် “အောင်”စားသောက်ဆိုင်မှ ကျပ်သိန်း ၁၃၀ နှင့် ငွေလွှဲပြေစာများပါသော သံသေတ္တာ မတ်လ ၁၇ ရက်၊ ည ၁၀ နာရီခွဲခန့်က ပျောက်ဆုံးသွားရာ ခိုးယူသူကို ၂၄ နာရီအတွင်း သက်သေခံပစ္စည်းများနှင့် ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ပျောက်ဆုံးပြီးနောက် စားသောက်ဆိုင်တွင် အလုပ်လုပ်သည့် အလုပ်သမား မိုးကြယ်စင် (ခ) ကျော်ထူး (၁၅ နှစ်) ပုံမှန် အလုပ်မဆင်းတော့သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ကြည့်ရှုရာ နေထိုင်ခြင်းမရှိသဖြင့် မသင်္ကာဖွယ်ဖြစ်၍ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း ယင်းမြို့ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

ရဲတပ်ဖွဲ့က လိုက်လံစောင့်ကြည့်ရာ မတ်လ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၂ ရပ်ကွက်လမ်းတွင် ၎င်း၏မိခင်နှင့်အတူ သုံးဘီးဆိုင်ကယ်နှင့် ဖြတ်သန်းသွားသည်ကိုတွေ့ရှိ၍ စစ်ဆေးရာ ခိုးယူသောငွေများဖြင့် ဝယ်ထားသည့် ရွှေဆွဲကြိုး၊ ရွှေနားကွင်း၊ ရွှေနားကပ် စသည့်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကျပ်သိန်း ၁၃၀ နှင့် ငွေလွှဲပြေစာများ ထည့်ထားသော သံသေတ္တာခိုးယူသွားသော မိုးကြယ်စင် (ခ) ကျော်ထူးနှင့် ၎င်း၏မိခင် အိုးပေါက်ရွာနေ ဒေါ်ခင်ထွေးရီ (၃၈ နှစ်)တို့ကို မြို့သစ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၁၊ ၄၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့သစ်မြို့မရဲစခန်းထံမှ သိရှိရသည်။

R-24