News

POST TYPE

LATEST NEWS POST

မိတ္ထီလာတွင် သနပ်ခါးလိမ်းပွဲတော်ကျင်းပမည်
19-Mar-2019

မိတ္ထီလာ၊ မတ် ၁၉

မန္တလေးတိုင်း မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ ဗိုလ်ချုပ်ပန်းခြံတွင် ဧပြီလ ၁၃ ရက်(မဟာသင်္ကြန် အကြိုနေ့)တွင် ဒုတိယ အကြိမ်မြောက် မြန်မာ့ရိုးရာသနပ်ခါးလိမ်းပွဲတော်ကျင်းပမည်ဖြစ်ကြောင်း ကမ်းလက်များပရဟိတမိသားစုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မြတ်မင်းက ပြောကြားသည်။

" မိတ္ထီလာမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုကို စတင်တည်ဆောက်ချင်တာပါ။ အဲဒီလိုပြုလုပ်တဲ့အတွက် သင်္ကြန်အတွင်း သရုပ်ပျက်ယဉ်ကျေးမှုတွေ လျော့နည်းသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ပြီးတော့ မဟာသင်္ကြန်အကြိုနေ့ဆိုရင် မိတ္ထီလာမှာ မြန်မာ့ရိုးရာဝတ်စုံဝတ်ဆင်ပြီး သနပ်ခါးလိမ်းတယ်။ သပြေခက်နဲ့ရေပက်ဆိုတဲ့ အစဉ်အလာလေးပေါ်ထွန်းလာစေချင်လို့ဖြစ်ပါတယ်။ ဒီအစဉ်အလာဖြစ်လာရင် မိတ္ထီလာသင်္ကြန်ကို လာရောက်လည်ပတ်သူတွေနဲ့ ပိုမိုစည်ကားလာပြီး မြို့လည်းပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူဆလို့ဖြစ်ပါတယ်။ ပြီးတော့သနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှုလည်းပိုမိုထင်ရှား လာစေလို့တဲ့အတွက်ပါ " ဟု ၎င်းက ဆိုသည်။

အဆိုပါသနပ်ခါးလိမ်းပွဲတော်သို့ မြို့သူမြို့သားအားလုံးပူးပေါင်းပါဝင်မည်ဆိုပါက သနပ်ခါးလိမ်းသည့် ယဉ်ကျေးမှုသည် နောင်ကာလများတွင် ထွန်းကားလာမည်ဟုရည်မှန်းကြောင်း ကမ်းလက်များပရဟိတအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းလွင်က ဆိုသည်။

ပြီးခဲ့သည့်နှစ် ကမ်းလက်များပထမအကြိမ်သနပ်ခါးလိမ်းပွဲတော်သို့ လာရောက်လည်ပတ်ခဲ့သူများကို သနပ်ခါးလိမ်းပေးခြင်း၊ သပြေခက်ဖြင့် အတာရေဖြန်းပက်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်လှူဒါန်းခြင်းများပြုလုပ်ခဲ့သည်။

R-01