News

POST TYPE

LATEST NEWS POST

ဒဂုံအရှေ့တွင် အိမ်အကူ မိန်းကလေးတစ်ဦး ပိုးသတ်ဆေးသောက်၍ သေဆုံး
18-Mar-2019

ရန်ကုန်၊ မတ် ၁၈

ဒဂုံအရှေ့မြို့နယ်၊ (၁၀) ရပ်ကွက်၊ ချမ်းသာရွှေပြည်အိမ်ရာတွင် မတ်လ ၁၇ ရက် ညနေပိုင်းက အသက် ၁၈ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးမှာ ပိုးသတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

သေဆုံးသူ မိန်းကလေးမှာ ချမ်းသာရွှေပြည်အိမ်ရာ၊ ငုဝါလမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအလုပ် လုပ်ကိုင်နေသူဖြစ်ပြီး နေအိမ်ရှိ နှင်းဆီပန်းများ စိုက်ပျိုးရာတွင် ပိုးသတ်ချိန်၌ အသုံးပြုသော ရွှေအင်ဒို ပိုးသတ်ဆေးကို သောက်သုံးမိ၍ သေဆုံးခဲ့ကြောင်း ရဲအရာရှိကပြောသည်။
 
အိမ်အကူ မိန်းကလေး သေဆုံးရခြင်းနှင့်ပတ်သက်၍ စစ်ဆေးရာ သေဆုံးသူနေထိုင်သည့် အခန်းထဲမှ တစ်သောင်းကျပ်တန် ငွေစက္ကူ ၁၅ ရွက်ကို အိမ်ရှင်ကတွေ့ရှိသဖြင့် ယင်းငွေများကို ဘယ်ကရလဲဟုမေးမြန်းရာ ယခုနှစ် ဖေဖော်ဝါရီလက အိမ်ရှင်အမျိုးသား၏ အခန်းအတွင်းမှ အဆိုပါငွေစက္ကူများကို ယူဆောင်ထားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အိမ်ရှင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ယင်းဖြစ်စဉ်အား အသိပေး ပြောကြားခဲ့သည်။
 
ယင်းနောက် အိမ်အကူမိန်းကလေးမှာ ၎င်းကို အိမ်ရှင်က နေရပ်သို့ ပြန်ပို့မည်ကို စိုးရိမ်သဖြင့် နေအိမ် နောက်ဖေးရှိ နှင်းဆီပန်းများ ပိုးသတ်ရာတွင် အသုံးပြုသော ပိုးသတ်ဆေးကိုသောက်၍ သေဆုံးခဲ့ကြောင်း အိမ်ရှင်လင်မယား၏ထွက်ဆိုချက်အရ သိရှိရသဖြင့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ် ဝ၅ ဖြင့် လက်ခံ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန် ဒဂုံအရှေ့မြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/ ၁၉ ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03