News

POST TYPE

LATEST NEWS POST

မိတ္ထီလာကန်ရေလျော့၍ မုန်တိုင်တမံမှ ပြန်ဖြည့်
18-Mar-2019



မိတ္ထီလာ၊ မတ် ၁၈

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံများ သောက်သုံးရေအဖြစ် အဓိကအသုံးပြုနေသည့် မိတ္ထီလာကန်သည် သုံးစွဲနိုင်သည့်ပမာဏအောက် ရေလျော့ကျလာ၍ ယင်းကန်၏ အထက်ပိုင်းရှိ မုန်တိုင်တမံမှ ရေဖြင့် အစားထိုးပြန်ဖြည့်နေကြောင်း ယင်းမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

မိတ္ထီလာကန်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက ကန်၏ ရေသေအမှတ် (၇၅၈) ၏ အထက် ၀ ဒသမ ၄ ပေခန့်သာရှိပြီး အသုံးပြုနိုင်သော ရေပမာဏမှာ ၇၃၈ ဧက/ပေခန့်သာ ရှိတော့သဖြင့် မုန်တိုင်ကန်မှ ပြန်လည်ဖြည့်ဆည်းပေးခဲ့ရာ ယခုအခါမိတ္ထီလာကန်၏ အသုံးပြုနိုင်သောပမာဏမှာ (၃၂၈၆) ဧက/ပေခန့် ရောက်ရှိလာပြီကြောင်း၊ မုန်တိုင်တမံတွင်လည်း လက်ရှိသုံးစွဲနိုင်သောပမာဏမှာ (၂၅၇၀) ဧက/ပေခန့် ကျန်ရှိနေသေးသဖြင့် မိတ္ထီလာဒေသခံလူထုအတွက် သောက်သုံးရေလုံလောက်သည့်အပြင် ကျန်ရှိသောရေပမာဏကိုလည်း မိုးစပါးပျိုးထောင်ရေအဖြစ် ပေးဝေနိုင်မည်ဖြစ်ကြောင်း ယင်းဌာန ဦးစီးအရာရှိ ဦးမောင်မောင်ကျော်က ပြောကြားသည်။

ယင်းမြို့နယ်အတွင်း နွေရာသီသောက်သုံးရေ ဖူလုံစေရန်အတွက် မုန်တိုင်တမံမှ သောက်သုံးရေအဖြစ် အသုံးပြုနိုင်မည့်ရေများကို မိတ္ထီလာကန်သို့အကူဖြည့်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အလားတူပင် မိတ္ထီလာမြို့နယ် ခင်တဲအုပ်စုရှိ မြေနီကန်ကို ပြီးခဲ့သည့်မတ်လဆန်းမှ ဒုတိယသီတင်းပတ်အထိ ညောင်ကုန်းတမံမှ ၂၅၀ ဧက/ပေခန့် ပေးဝေခဲ့ကြောင်း၊ မိတ္ထီလာမြောက်ကန်မှရေကို မကျီးစုအုပ်စုရှိ ကန်နီကန်ကိုလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလပထမသီတင်းပတ်အတွင်းက ၁၂၀ ဧက/ပေခန့် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မိတ္ထီလာကန်ရေကို ဒေသခံများ၏ သုံးစွဲမှုပမာဏမှာ တစ်လလျှင် ၉၀၀ ဧက/ပေခန့် ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

“မြို့ပေါ်အနေနဲ့ သုံးစွဲဖို့အနေအထားကတော့ လက်ရှိရေက လုံလောက်မှုရှိနိုင်မယ်လို့ ယူဆပါတယ်။ နောက်တစ်ချက် ဖြည့်ပြောချင်တာက မြောက်ကန်ဘက်က ရေက ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ဒီဘက်ကို (တောင်ကန်ဘက်ကို) ကျော်ကျမလာဘူး။ မြောက်ဘက်ကန်က ရေထုတ်တဲ့မြောင်းတွေကလည်း ကောင်းကောင်းမထုတ်နိုင်တာပါမှာပေါ့။ မြောက်ကန်ဘက်ကရေဆိုးတွေ ဒီဘက်ကို ကျော်ကျမလာတော့ ကောင်းတဲ့သဘောရှိတာပေါ့”ဟု မိတ္ထီလာကန်ချစ်သူများအသင်း၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဇော်မင်းထွန်းက ပြောကြားသည်။

R-01

ဓာတ်ပုံ-ကျော်စိုးမိုး